သတင်း

ဆယ်ဇင်းကျေးရွာအနီး SNA တပ်စခန်းတစ်ခုကျန်ရှိနေသေးတာကြောင့် စစ်ဘေးရှောင်တွေနေရပ်ပြန်ခွင့်မပြုသေး

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး သံယောဇဥ်ကုန်းမှာ စစ်ကောင်စီစစ်သားတွေနဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်တွေရှိနေသေးတာကြောင့် ဆယ်ဇင်းစစ်ဘေးရှောင်တွေနေရပ်ပြန်ခွင့်မရသေးဘူးလို့ သိရပါတယ်။

ဆယ်ဇင်းကျေးရွာဒေသခံပြည်သူ ၁၀၀၀ ဝန်းကျင်ခန့်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ကတည်းက KIA ပူးပေါင်းဦးတပ်ရဲ ဆယ်ဇင်းကျေးရွာစခန်းသိမ်းတိုက်ပွဲကြောင့် ဟောင်ပါးကျေးနဲ့တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့  လဝန်းကျင်ရှိလာပြီဖြစ်ပေမယ့် လက်ရှိ ဆယ်ဇင်နဲ့ ၃မိုင်နီးပါးဝေးတဲ့ သံယောဇဥ်ကုန်းမှာ စစ်ကောင်စီတပ်နဲ့ရှမ်းနီတပ်တွေကျန်ရှိနေသေးတာကြောင့် ဒေသခံတွေကိုနေရပ်ပြန်ဝင်ခွင့်မပေးသေးတာလို့ ဆယ်ဇင်းစစ်ဘေးရှောင်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ပြန်လို့မရသေးဘူးဗျ မပြန်ခိုင်းသေးတာ အခုထိသံယောဇဥ်ကုန်းမှာပထမ တိုက်ပွဲ ဖြစ်နေတယ် ထင်တာတိုက်ပွဲက မဖြစ်သေးဘူးဒီဘက် (KIA)ဘက်ကပြင်ဆင်နေတုန်းတဲ့ မတိုက်သေးဘူး သံယောဇဥ် ကုန်းကနေတော့ ပစ်နေတာပဲနေ့တိုင်းလက်နက်ကြီးလက်နက်ငယ်တွေရမ်းပစ်နေတာ သံယောဇဥ်ကုန်းကိုသိမ်း ပြီးမှပြန်ခိုင်းမယ်လို့ပြောတယ်လို့သူကပြောပါတယ်။

ဆယ်ဇင်းစစ်ဘေးရှောင်တွေထဲက လူဦးရေ ၅၀၀ ကျော်ဟာ ရွှေတောင်ကျော်ကျေးရွာထဲက စာသင်ကျောင်းဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြရပြီး ကျန်တဲ့စစ်ရှောင်တွေက တောတောင်တွေနဲ့လယ်ခင်း၊ယာခင်းတဲတွေမှာ တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။

ကျွန်မတို့က အမျိုးတွေအိမ်မှာပဲ အများပိုင်းက ရွှေတောင်ကျော်စာသင်ကျောင်းထဲမှစုပြီးနေကြတယ် အဲ့ဒီသံယောဇဥ်ကုန်းကိုရပြီးမှပဲ ပြန်လို့ရမယ်ပြောတယ် အခုကတိုက်ကိုမတိုက်ရသေးဘူးတဲ့လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

ဧပြီလ ၂၀ ရက်နေ့မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ဆယ်ဇင်းကျေးရွာကို KIAKPDF နဲ့မဟာမိတ်တပ်တွေက ဧပြီ ၂၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆယ်ဇင်းကျေးရွာကိုထိန်းချုပ်လိုက်နိုင်ပေမယ့် ဆယ်ဇင်းကနေထွက်ပြေးသွားတဲ့ စစ်ကောင်စီစစ်သားတွေနဲ့SNA စစ်သားတွေဟာ သံယောဇဥ်ကုန်းရွှေမှော်မှာရှိတဲ့ SNA အထိုင်တပ်ထဲမှာပူးပေါင်းသွားတာကြောင့် လက်ရှိအဲ့ဒီတပ်ကိုဆက်လက်သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတယ်လို့ ဖားကန့်KPDF တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

နှစ်ဖက်စလုံးကတော့အသင့်နေအထားပါ အခြေနေလည်းစောင့်ကြည့်နေပါတယ် ခုထိတော့သိမ်းထားတာမရှိသေးဘူး ပြင်တော့ပြင်ဆင်နေကြပါတယ်။ ဒီဘက်က ဒီဘက်တစ်ကြောကအဲ့ဒီတပ်စခန်းတစ်ခုပဲကျန်တော့တာဟုတ်တယ်အဲ့သိမ်းပြီးရင်မရှိတော့ဘူးလို့သူကပြောပါတယ်။

သံယောဇဥ်ကုန်းရွှေမှော်ထဲက SNA တပ်ဟာ စစ်ကိုင်းတိုင်း ဟုမ္မလင်းနယ်နဲ့ကချင်ပြည်နယ် ဖားကန့်မြို့နယ်အစပ်မှာရှိတာဖြစ်ပြီး  လက်ရှိ ကချင်– စစ်ကိုင်းအစပ်ထဲက ဖားကန့်မြို့နယ်တစ်ကြော အဲ့ဒီအထိုင်တပ်တစ်ခုသာကျန်ရှိတော့တယ်လို့သိရပါတယ်။

KIA KPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲက ရှေ့တန်းစခန်း၊ ကျေးရွာအတွင်းက စစ်ကောင်စီတပ်တွေကို ခပ်စိပ်စိပ်တိုက်ခိုက်သိမ်းပိုက်လာရာ ဒီကနေ့ထိ ဝှေခါ၊ နန့်ယား၊ တာမခံ၊ ဆယ်ဇင်းနဲ့ နန့်တိန်းစခန်းကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button