စက်သုံးဆီအခက်အခဲကြောင့် ပူတာအိုမှာဖုန်းလိုင်းအများပိုင်းပြတ်တောက်နေ
ကချင်ပြည််နယ် ပူတာအိုမြို့နယ်မှာ စက်သုံးဆီအခက်အခဲကြောင့် တာဝါတိုင်မှာဆီမဖြည့်နိုင်တဲ့အတွက် ဖုန်းလိုင်းအများပိုင်းပြတ်တောက်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။
စစ်ရေးအခြေအနေကြောင့် မြစ်ကြီးနား– ပူတာအိုကားလမ်းပိတ်ထားတာ ၂ ကျော်ကြာလာချိန် စက်သုံးဆီတွေအဝင်ရပ်တန့်နေတာကြောင့် MPT/ MYTEL တာဝါတိုင်တွေမှာဆီမဖြည့်နိုင်တဲ့အတွက် ဖုန်းလိုင်းပြတ်နေတာ ၂ ပတ်နီးပါးရှိလာပြီဖြစ်တယ်လို့ ပူတာအိုမြို့ခံ အသက် ၅၄ နှစ်အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။
“ဆီမရှိတော့တာဝါတိုင်တွေမလည်ပတ်နိုင်တော့ဘူးအဲ့ကြောင့်ဖုန်းလိုင်းတွေပြတ်တောက်နေတာ အခု MPT နဲ့ Mytel ကတော့ ပြတ်နေတာကြာပြီ ၂ပတ်လောက်ရှိပြီ အခု အော်ရီဒူးကအချိန်ပြည့်ရတယ်ပြောရမယ် တေလီနော(ATOM) ကတော့ မနက်ပိုင်း ခနလာတယ် ညမှာလာတယ်ပြီးရင် တစ်နေကုန်လိုင်းပျောက်တယ်”လို့သူကပြောပါတယ်။
လက်ရှိ ပူတာအိုမြို့နယ်မှာ MPTနဲ့ Mytel လိုင်းတွေပြတ်တောက်နေတာ ၂ ပတ်ကျော် ကြာနေပြီဖြစ်ပြီး အော်ရီဒူးနဲ့ Atom လိုင်းနှစ်ခုသာရတော့ပေမယ့် Atom ကတော့ အချိန်ပိုင်းနဲ့ပေးနေသေးတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“တယ်လီနော(ATOM)ကတော့ EPC ကမီးနဲ့ရတယ်ပြောတယ် လုံးစွတ်ရပ်ကွက်မှာEPC က မီးပေးတဲ့ချိန် တယ်လီနောလိုင်းရတယ် လုံးစွတ်မီးပျက်တာနဲ့တေလီနောလိုင်းက ပြတ်ပြီ”လို့ နောက်ထပ် အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
လက်ရှိအချိန်ပိုင်းနဲ့ဖွင့်ပေးတဲ့ Atomဖုန်း လိုင်းဟာ လုံးစွတ်ကိုမီးပေးတဲ့ မနက် ၅ နာရီ ကနေ့ ၁၁ နာရီထိရပြီး ည ၈ နာရီလောက်ကနေ ည ၁နာရီ လောက်အထိ ဖုန်းလိုင်းဖွင့်ပေးတယ်လို့ သိရပါတယ်။
ကားလမ်းပိုင်း ၂ လကျော်ကြာပိတ်ခံထားရတဲ့ ပူတာအိုဒေသမှာ အခြေခံစားသောက်ကုန်တွေအဆမတန် စျေးမြင့်တက်နေသလို စက်သုံးဆီတွေလည်းပြတ်တောက်နေပြီး ဆီလက်ကျန်သိုလောင်ရောင်းချနေသူတွေလည်း ဓာတ်ဆီတစ်လုံး ကျပ် ၈ သောင်းဝန်းကျင်၊ တစ်ပေပါ ကျပ်သိန်း ၁၀၀ အထိစျေးရှိနေတယ်လို့ သိရပါတယ်။
ခုလိုဖုန်းလိုင်းတွေပြတ်တောက်ပြီး အင်တာနက်လိုင်းဖွင့်လို့မရတော့တဲ့အတွက် ပူတာအိုဒေသခံတွေကြား ကောလဟာလသတင်းအမှားတွေအမျိုးမျိုးပျံ့နှံ့နေပြီး သတင်းအမှန်သိရဖို့ ခက်ခဲနေတယ်လို့ ပူတာအိုဒေသခံတွေ ပြောပါတယ်။
“လိုင်းလည်းမရတော့သတင်းလည်းကြည့်မရဘူး ဟိုလူကတစ်မျိုးပြောလိုက်ဒီလူကတစ်မျိုးပြောလိုက်တဲ့တချို့က ၂၆ ရက်နေ့နောက်ဆုံးထားပြီးရွေ့ရမယ်တဲ့တချို့ကတော့ရွေ့စရာမလိုဘူးတဲ့ ရွေ့တဲ့လူကရွေ့သွားကြပြီမရွေ့တဲ့လူကမရွေ့ဘူးသတင်းကအမျိုးမျိုးပျံ့နေတာ”လို့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ် ။
ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတဲ့နောက်ပိုင်း ပူတာအိုမှာဒေသခံတွေ မေလ ၂၆ ရက်နေ့နောက်ဆုံးထားပြောင်းရွေ့ရမယ်ဆိုတဲ့သတင်းအမှားများလည်း ထွက်ပေါ်နေပြီး ဒေသခံတစ်ချို့ ပြောင်းရွေ့သွားကြသူတွေရှိနေပါတယ်။
အဲ့ဒီသတင်းနဲ့ပတ်သက််ပြီး ပူတာအိုမြို့နယ်ထဲက ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံဦးစောနွဲ့ခွန်ဆိုင်ခမ်းက ဟောလဟာလသတင်းသာဖြစ်ပြီး ပူတာအိုမြို့ခံပြည်သူတွေအနေနဲ့ မိမိအိမ်မှာပဲနေကြဖို့ ပြောဆိုပါတယ်။
ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းကို လက်ရှိစစ်ကောင်စီတပ်ကပိတ်ထားတာဖြစ်ပါတယ်။ ကုန်ကြောင်းပိတ်ထားပြီ ဒေသခံတွေအတွက်လိုအပ်နေတဲ့ အခြေခံစားသောက်ကုန်တွေနဲ့လယ်ထွန်ဖို့ဒီဇယ်ဆီကိုတော့ လေယာဥ်နဲ့ သယ်ယူရောင်းချပေးပေမယ် ပြည်သူတွေနေ့စဥ်ဘဝမှာမရှိမဖြစ်လိုနေတဲ့ ဓာတ်ဆီတွေကို သယ်ယူပေးတာမရှိသလို အဝင်လည်းမခံဘူးလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ပူတာအိိုဒေသမှာ ဓာတ်ဆီတွေအဝင်မရှိအောင်တားမြစ်ပြီးတော့ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ဆီကုန်သည်တွေ ဆီဒိုင်တွေနဲ့ပေါင်းပြီး စီးပွားရှာနေတာဖြစ်တယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံဦးစောနွဲ့ခွန်ဆိုင်ခမ်းကအခုလိုပြောပါတယ်။
“ပူတာအိုမှာ အာဏာရှိသူတွေခရိုနီလောက်ကောင်တွေနဲ့ပေါင်းပြီးလုပ်စားနေတာဗျ ပူတာအိုလမ်းပိတ်တာနဲ့ဆီဆိုင်တွေကဆီကုန်ပြီဆိုပြီးပုလင်းနဲ့ပဲရောင်းတော့တာ ဒါပေမယ့်အခုထိဆီတွေရောင်းနေကြတုန်း ဗျ ညညဆိုပေပါလိုက်ခိုးထုတ်ရောင်းနေကြတာ အချိန်ရောက်လာရင်တော့အခု စကစနဲ့ပေါင်းပြီးလုပ်စားနေတဲ့ ဆီဒိုင်တွေ၊ခရိုနီတွေအားလုံးကျနော်တို့နဲ့ရှင်းရလိမ့်မယ်စာရင်းတွေပြုစုထားပါတယ်”လို့ သူကပြောပါတယ်။
လက်ရှိ ပူတာအိုမှာ ဓာတ်ဆီပြတ်လပ်နေတဲ့အတွက် လုပ်ငန်းရှင်တစ်ချို့က တရုတ်ပြည်နယ်စပ်ကနေ ရှိန်းခေါင် –ခေါင်လန်ဖူးလမ်းကြောင်းအတိုင်း ပူတာအိုအထိသယ်လာပြီးသက်သာနဲ့စျေးနဲ့ရောင်းချဖို့ ကြိုးပမ်းခဲ့ပေမယ့် ခေါင်လန်းဖူးနဲ့ ပူတာအို ကြားက ရီဒမ်းစစ်ကောင်စီတပ်ဂိတ်ကနေဖြတ်သန်းခွင့်မပေးပဲ တားမြစ်ထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းကို ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာတိုက်ပွဲ ဖြစ်ပွားနေတာကြောင့် မေလ ၈ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ KIA နှစ်ဖက်တပ်တွေက ပိတ်ထားခဲ့တာဖြစ်ပါတယ်။
By – Zaw Zaw