တိုက်ပွဲသတင်း

စစ်ကိုင်း နဲ့ ကချင်အစပ်ကမြို့တွေမှာ တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ မြို့နယ် ၃ မြို့မှာ စစ်ကောင်စီတပ်၊ ရှမ်းနီးအမျိုးသားတပ်မတော် SNA ပူးပေါင်းအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား ဒီရက်ပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။

တိုက်ပွဲဟာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကတည်းကစတင်ဖြစ်ပွားနေတာဖြစ်ပြီးတော့ စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကောလင်း၊ ဝန်းသို နဲ့ ပင်လည်ဘူးတို့မှာတိုက်ပွဲတွေဖြစ်ပွားနေတာလို့ သိရပါတယ်။

လက်တလောက ပင်လည်ဘူး၊ကောလင်း၊ ဝန်းသို ၊ ဟုမ္မလင်းဘက်တွေရောလှုပ်ရှားတာပေါ့ ကျန်တာက ယောင်ပြပါ။ တကယ်ကပင်လည်ဘူးကိုတိုက်တာ သူတို့စစ်ကူမလာနိုင်အောင်လုပ်တာပေါ့ ပင်လည်ဘူးက တိုက်ပွဲအပြင်းထန်ဆုံးပဲလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

ကောလင်းသတင်းတွေကိုဖော်ပြပေးနေတဲ့ ကောလင်းအင်ဖိုဆိုတဲ့ ဒေသတွင်းသတင်းဌာနကလည်း ကောလင်းခရိုင်အတွင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေများစွာပြုလုပ်ခဲ့ကြောင်းသိရတယ်လို့ သတင်းထုတ်ပြန်ထားပြီး အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကတော့ ကောလင်းခရိုင်ထဲမှာပါဝင်တဲ့ ပင်လည်ဘူး မြို့ပေါ်မှာဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေဘက်ကအတည်ပြုပါတယ်။

လက်တလောဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း ပင်လည်ဘူးမြို့ပေါ်ကတိုက်ပွဲကတော့အပြင်းထန်ဆုံးဖြစ်ပြီး နှစ်ဖက်အကျအဆုံးတွေလည်းရှိသလို မနေ့ကညပိုင်းမှာရော ဒီကနေ့မနက်ပိုင်းမှာပါ ပင်လည်ဘူးမြို့ပေါ်ကို စစ်ကောင်စီက လေကြောင်း အသုံးပြုပြီးဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အခြေနေကို ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က အခုလို ပြောပြပါတယ်။

ကိုယ့်ဘက်ကသေဆုံးတာတွေလဲရှိတယ် သူတို့ဘက်ရောပဲ လေယာဥ်ကတော့မနေ့ညကလာကြဲသွားတာ ဗုံးတွေပါကြဲချတာ ဂျက်ဖိုက်တာတွေအပြင် တစ်ခြားအမျိုးအစားတွေရောပဲ မနေ့ညကလာကြဲတာက ဗုံးကြီးပဲ အလုံး ၉၀ကျော်လာပစ်သွားတာလို့ပြောပါတယ်။

လက်တလော ကောလင်းခရိုင်ထဲကလေကြောင်းတိုက်ခိုက်ခံရမှုအပြင် စစ်ကိုင်းနဲ့ကချင်အစပ်ကတိုက်ပွဲ အခြေနေကို ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို KNG က ဆက်သွယ်ကြည့်ရာ တိုက်ပွဲကတော့ ပြင်းထန်နေဆဲဖြစ်သို လေကြောင်းတိုက်ခိုက်ခံရမှုအခြေနေကို သတင်းထုတ်ပြန်လို့မရသေးကြောင်းသာ အကြောင်းပြန်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်နဲ့ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းအဖွဲ့တွေဟာ အင်အား ၂၀၀ ကျော်နဲ့ ပင်လည်ဘူးမြို့ပေါ်မှာနေရာယူထားတာဖြစ်ပြီး ကာကွယ်ရေးတပ်တွေဘက်ကအဲ့ဒီအစုအဖွဲ့ကိုတိုက်ခိုက်နေ တာဖြစ်တယ်လို့ဆိုပါတယ်။

မေလ ၂၃ ရက်နေ့ တိုက်ပွဲစတင်တဲ့နေ့ကတော့ ပင်လည်ဘူးမြို့ပေါ်ကနှစ်ဖက်ထိတွေ့မှုမှာ စစ်ကောင်စီတပ် ဘက်က ခမရ ၁၀၁ ရဲ့ ဒုတပ်ရင်းမှူးအဆင့်ရှိတဲ့ ဗိုလ်မှူး အောင်မျိုးသူသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သလို ကာကွယ်ရေးတပ်ဘက်ကလည်းတစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button