တိုက်ပွဲသတင်း

မံစီ ခမရ ၃၁၉၊ ခမရ ၆၀၁ တပ်ရင်း ၂ ခုနဲ့  မိုးမောက် ခမရ ၄၃၇ တပ်ရင်းတွေကို KIA သိမ်းပိုက်နိုင်ခြင်းမရှိသေးတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ

ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီ မြို့  ၂ ခုမှာရှိတဲ့ မြို့တွင်းတပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ခြင်းမရှိသေးတာကြောင့် ရက်ပေါင်း ၂၀ ကြာမြင့်လာပေမယ့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။

မေလ ၇ ရက်နေ့ စတင်ပြီး KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ မိုးမောက်နဲ့ မံစီ မြို့တွင်းတိုက်ပွဲဟာ KIA တပ်ဘက်ကနေ မြို့တွင်းနေရာနဲ့ ရဲစခန်းနေရာတွေကိုသာ ထိန်းချုပ်ထားနိုင်ပြီးဖြစ်ပေမယ့် မိုးမောက် ခမရ ၄၃၇ တပ်ရင်း၊ မံစီ ခမရ ၃၁၉ တပ်ရင်းနဲ့ ခမရ ၆၀၁ တပ်ရင်းနေရာတွေကို သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။

မိုးမောက်နဲ့ မံစီမြို့တွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ အချိန်အတွင်းမှာ ဝိုင်းမော်မြို့နယ်ထဲကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်း နေရာတွေကို KIA က ထိုးစစ်ဆင်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်  မိုးမောက်နဲ့ မံစီမြို့တွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ယာယီရပ်နားထားတာဖြစ်ပါတယ်။

မတ်လ ၂၆ ရက်နေ့မှာတော့ တစ်ပတ်လောက် တိုက်ပွဲရပ်နားထားတဲ့ မံစီမြို့တွင်း တပ်တွေဖြစ်တဲ့ ခမရ ၃၁၉ တပ်ရင်းနဲ့ ၆၀၁ တပ်ရင်းနေရာတွေမှာ တိုက်ပွဲပြန်လည် ပြင်းထန်နေပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

မံစီမြို့က ၃၁၉ တပ်ရင်းကို မသိမ်းနိုင်သေးဘူး။ ဒီမနက်လည်း ၁၀ နာရီလောက်ကနေ အပြင်းအထန်ပစ်ခတ်နေကြတယ်။ အချိန်ခဏတော့စောင့်ရအုံးမယ်ထင်တယ်။ မိုးမောက်တိုက်ပွဲလည်း အခုခဏရပ်နားထားတယ်။ အခုက မံစီမှာပဲ ဖြစ်နေသေးတယ်လို့ ပြောပါတယ်။

မိုးမောက်တိုက်ပွဲမှာ KIA ပူးပေါင်းတပ်တွေက မြို့တွင်းနေရာနဲ့ ရဲစခန်းနေရာတွေကို မေလ ၈ ရက်နေ့ ရှင်းလင်းလိုက်ပြီးနောက် မြို့တွင်းတပ် ခမရ ၄၃၇ တပ်စခန်းကို တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီတပ်ဘက်နေ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် လာရောက်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပစ်ခတ်မှုခဏရပ်နားထားတာဖြစ်ပါတယ်။

မံစီမြို့တွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ KIA တပ်တွေက ခမရ ၃၁၉ တပ်စခန်းထဲဝင်ရောက်နိုင်ဖို့အတွက် ရှေ့တန်းကာကင်းတပ်စခန်းတစ်ချို့ကို ရှင်းလင်းဆောင်ရွက်နိုင်ပြီး တပ်စခန်းသိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မံစီမြို့မှာ တိုက်ပွဲဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး မံစီဒေသခံတစ်ဦးကတိုက်ပွဲက မနေ့ညနေ ပြန်စနေတာ ဒီကနေ့လည်း တစ်ရက်လုံးပစ်နေကြတာ မနားကြသေးဘူး။ သိမ်းဆည်းနိုင်ပြီလို့တော့ မကြားသေးဘူး။ ဒါပေမယ့် တစ်ပိုင်းတစ်စတော့ ဝင်နိုင်ရင် ဝင်နိုင်မှာပေါ့။ အပြီးအစီးတော့ မဟုတ်သေးဘူးလို့ပြောပါတယ်။

မံစီမြို့တွင်းတိုက်ပွဲဖြစ်နေတာ ရက်ပေါင်း ၂၀ ကျော်ကြာမြင့်လာတဲ့အထိ စစ်ကောင်စီတပ်စခန်းနေရာတွေကို အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိသေးတာဟာ ခမရ ၃၁၉ တပ်ရင်းနဲ့ ခမရ ၆၀၁ တပ်ရင်းတွေဟာ နီးကပ်ပြီးရှိနေတာကြောင့် သိမ်းပိုက်နိုင်ဖို့ ခက်ခဲနေသေးတာလည်းဖြစ်တယ်လို့ သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button