တိုက်ပွဲသတင်း

KIA လွတ်ပေးလိုက်တဲ့ တပ်မိသားစုတွေ စီးနင်းလာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများ

ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ်ဖြစ်တဲ့  ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကနေ KIA တပ်တွေ ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင်တွေနဲ့ သစ်သျှူးငှက်ပျောလုပ်သားတွေအပါ စီးနင်းလာတဲ့ယာဉ်တန်း ဝိုင်းမော်မြို့အဝင် ခတ်ချိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများတယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA လွတ်ပေးလိုက်တဲ့ သူတွေထဲမှာ တပ်မိသားစုဝင်နဲ့အတူ သစ်သျှူးငှက်ပျောခြံက အလုပ်သမား၊ စုစုပေါင်း ၁၀၀ ဝန်းကျင်လောက်ရှိနိုင်ပြီး မေလ ၂၆ ရက်နေ့ည ဝိုင်းမော်မြို့ဘက်ဝင်ရောက်လာချိန် ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေကပြောပါတယ်။

ခုလို ပစ်ခတ်ခံရတာကြောင့် လက်နက်ကျည်ထိပြီး ဒဏ်ရာရရှိသူ ၂၀ ကျော်ကို ဝိုင်းမော်လူမှုကူညီရေးအဖွဲ့တွေက သွားရောက်ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဝါရှောင်ဆရာတော်က အရှင်ဝိဇိယက KNG ကိုမိန့်ဆိုပါတယ်။

ဒီမနက်ကယ်ခဲ့တဲ့အထဲမှာ ၂၃ ယောက်ရှိတယ်။ ချစ်ဦးမောင်ဆိုတဲ့ တစ်ယောက်က ဒီမှာရောက်မှ ဆုံးသွားတယ်။ ကားမှာပါလာတဲ့သူတွေက ၁၀၀ လို့လည်း ပြောကြတယ်။ ၆၀ လို့လည်းပြောကြတယ်။ လက်နက်ကြီးတွေထိလို့ ပြန့်ကြဲကုန်တယ်လို့ပြောပါတယ်။

ဖမ်းဆီးထားရာကနေ လွတ်ပေးလိုက်တဲ့ တပ်မိသားစုဝင်တွေနဲ့ လိုက်ပါလာတဲ့ သစ်သျှူးငှက်ပျော အလုပ်သမား ၁၀၀ လောက်က သစ်သျှူးငှက်ပျောတင်အတွဲကားတစ်စီးနဲ့ 4 Wheel ကား ၃ စီး၊ ဆိုင်ကယ် ၁၀ စီး နဲ့ ဝိုင်းမော်မြို့ဘက်ကို ဝင်ရောက်လာတဲ့အချိန်မှာ ပစ်ခတ်ခံရတာဖြစ်ပါတယ်။

တပ်မိသားစုတွေ စီးနင်းလာတဲ့ ယာဉ်တန်း ပစ်ခတ်ခံရတာကြောင့် တစ်ချို့က ပစ်ခတ်ခံရတဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားသလို တစ်ချို့ကထွက်ပြေးလွတ်မြောက်သွားပြီး လူမှုကူညီရေးအသင်းတွေက ဒဏ်ရာရရှိသူ ၂၃ ယောက်ကို သွားရောက်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ ဖမ်းဆီးခံရမိထားတဲ့ တပ်မိသားစုဝင်တွေကို KIA တပ်တွေက မေလ ၂၆ ရက်နေ့ (မနေ့က နေ့လည်ပိုင်း)လောက်မှာ လွတ်ပေးခဲ့ပေမယ့် ညတွင်းအချိန်မှာ ဝိုင်းမော်ဘက်ကို ဝင်ရောက်လာတာကြောင့် ပစ်ခတ်ခံရတာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“KIA ဘက်က နေ့လည်လောက်ကနေ စစ်ဆေးမေးမြန်းတာတွေ အကုန်လုပ်ပြီးမှ သွားခိုင်းလိုက်ပြီးလို့ သိရပါတယ်။ ဒါပေမယ့် ညအချိန်မှာမှ ဘယ်လိုဖြစ်လို့ ဝင်သွားကြလဲတော့မသိရဘူး။ ညအချိန်အဆိုတော့ ကြည့်မှာပြီးတော့ မှားသွားတယ်လို့ထင်တယ်”လို့ပြောပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ သူတွေကို မြစ်ကြီးနား ဆေးရုံကို ပို့ဆောင်ထားပြီး ဆေးကုသခံယူနေကြတယ်လို့ သိရပါတယ်။

လက်ရှိ သစ်သျှူးငှက်ပျောအတွဲကားနဲ့ ပါလာတဲ့ စုစုပေါင်း ၁၀၀ ဝန်ကျင်လောက်ရှိတယ်လို့ ပြောဆိုနေကြပေမယ့် ထိခိုက်ဒဏ်ရာရရှိသူ ၂၃ ယောက်သာသိရပြီး ပစ်ခတ်ခံရတဲ့နေရာမှာတင် သေဆုံးသွားသူနဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေရဲ့ စာရင်းအတိအကျ သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

ဝိုင်းမော်မြို့အဝင် ခတ်ချိုလမ်းခွဲမှာ တပ်မိသားစုတွေ စီးနင်းလာတဲ့ ယာဉ်တန်းပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်းတွင်း တိုက်ပွဲနယ်မြေ ဖြစ်နေတဲ့ ဝိုင်းမော်မြို့မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကြောင့် စစ်ကောင်စီဘက်ကနေ မှားယွင်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ ဒီနေ့ချိန်ထိ စစ်ရေးတင်းမာနေပြီး ဝိုင်းမော်မြို့စောင့်တပ်တွေဖြစ်တဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်း၂ ခုအနက် ခလရ( ၅၈) သာကျန်ရှိတော့တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button