မိုးညှင်းမြို့မှာ ဓါးပြတိုက်လုယက်ခံရမှုများလာ
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဓါးပြတ်ိုက်လုယက်ခံရတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ မိုးညှင်းမြို့ခံတွေကပြောပါတယ်။
ဓါးပြတိုက်လုယက်သူတွေဟာ သေနတ်၊ဓါးနဲ့ထောက်ကာခြိမ်းခြောက်ပြီး ဆိုင်ကယ်၊ကား၊ ဖုန်းနဲ့ လက်ဝတ်လက်စားတွေကအစ လုယက်နေတယ်လို့ မိုးညှင်းဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။
“အဖြစ်များတဲ့နေရာက မိုးညှင်းစုပေါင်းရုံးရှေ့ ကွင်းပြင်ကြီးထဲမှာ နေ့တိုင်းဖြစ်နေတယ်။ ကျနော့်မိတ်ဆွေလုခံရတဲ့သူ စုစုပေါင်း ဆိုင်ကယ် ၆ စီးထိရှိလာပြီ”လို့ပြောပါတယ်။
ဒေသခံတွေပြောချက်အရ မိုးညှင်းစုပေါင်းရုံးရှေ့မှာအဖြစ်များပြီး ဓားပြတိုက်ခံရတဲ့အချိန်က ညနေ ၄ နာရီ ၅နာရီဝန်းကျင်မှာတယ်လို့ သူက ဆက်ပြောပါတယ်။
ခုလို မိုးညှင်းမြို့ထဲမှာ ဓါးပြတိုက်လုယက်ခံရတာဟာ မြို့လယ်ခေါင်မှာ စစ်ကောင်စီကတရားဝင်ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေများလာတာကြောင့်ဖြစ်တယ်လို့ ဒေသခံတွက သုံးသပ်နေကြပါတယ်။
“ခုက မြို့ထဲမှာကို လောင်းကစားဝိုင်းတွေက ပိုများလာတာ ဒါကိုစစ်တပ်က တမင်ခွင့်ပြုထားတာလေ။ ခိုးခံရလို့ ဓါးပြတိုက်ခံရလို့ သွားတိုင်လည်း အရေးယူတာလည်း မလုပ်ပေးဘူး။ ပြီးတော့ ခုနောက်ပိုင်းဆို မူးယစ်ဆေးသမားတွေလည်း များလာလို့ ဆိုင်ကယ်ဆိုခနန အခိုးခံရတာတွေများလာပြီ”လို့ နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။
အလားတူဘဲ ဓါးပြတိုက်လုယက်ခံရတာအပြင်၊ နေအိမ်ထဲကနေ ပစ္စည်းခိုးယူခံရတာလည်း များလာနေတယ်လို့ သူကဆက်ပြောပါတယ်။။
ဒါကြောင့် ပြည်သူတွေအနေနဲ့ ဓါးပြတိုက်၊ခိုးဆိုးလုယက်သူတွေကို ဖမ်းဆီးအရေးယူပေးဖို့ မိုးညှင်းရဲစခန်းကို တိုင်ချက်သွားရောက်ဖွင့်တာမျိုးတွေရှိပေမယ့် စစ်တပ်ဘက်က အင်အားမရှိတဲ့အတွက် ဖမ်းဆီးအရေးယူပေးဖို့ခက်ခဲကြောင်းနဲ့ လုယက်တဲ့တရားခံကို တိတိကျကျသိမှသာ လာရောက်တိုင်တန်းဖို့ကိုလည်း ပြောဆိုထားတယ်လို့ မိုးညှင်းဒေသခံဒေတွေက ပြောပါတယ်။
ခိုးဆိုးလုယက်ဓါးပြတိုက်သူတွေဟာ နိုင်ငံရေးမငြိမ်သက်မှုကိုအခွင့်ကောင်းယူပြီး တစ်ဖက်မှာပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် မသမာတဲ့အဖွဲ့စည်းတစ်ခုခုက လုပ်ဆောင်နေတာဖြစ်နိုင်တယ်လို့လည်းဒေသခံတွေက ဆိုကြပါတယ်။
ဒါကြောင့် သက်ဆိုင်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အမြန်ဆုံး ဖမ်းဆီးအရေးယူပေးဖို့ကိုလည်း ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
By – CJ