မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

နှစ်ပေါင်း ၅၀ ဝန်းကျင်ရှိလာပြီဖြစ်တဲ့ မဇွပ်ယန်(Mazup Yang) ရွာကို ကျောက်စိမ်းတူးဖော်ဖို့ စီမံကိန်းလုပ်ဆောင်လာ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန်ကျေးရွာမှာ ဒေသခံပြည်သူတွေကို ရွှေ့ပြောင်းခိုင်းပြီး ကျေးရွာတစ်ခုလုံးကို KIO အရာရှိတစ်ချို့နဲ့ လုပ်ငန်းရှင်တွေပူးပေါင်းပြီးတော့ ကျောက်စိမ်းတူးဖော်ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မဇွပ်ယန်မှာ ကျောက်စိမ်းတူးဖော်နိုင်ဖို့ KIO အရာရှိ  ဦးက ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ခေါ်ယူပြောဆိုပြီးတော့ အုပ်ချုပ်ရေးအဖွဲ့တွေက ကိုယ်စားလှယ်အဖြစ် ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံတာ  ကြိမ်ရှိသွားပြီလို့ မဇွပ်ယန်ဒေသခံတွေကပြောပါတယ်။

ဒီကျောက်စိမ်းတူးဖော်မှုကို ၂၀၂၄ ခုနှစ်ကနေစပြီး သုံးနှစ်စီမံကိန်းနဲ့ မဇွပ်ယန်ကျေးရွာတစ်ခုလုံးကို KIO နဲ့ ကျောက်စိမ်းကုမ္ပဏီတွေပူးပေါင်းပြီး ကျောက်စိမ်းတူးဖော်လိုက်ဖို့ ပြင်ဆင်နေပြီ မဇွပ်ယန်ဒေသခံပြည်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

မဇွပ်ယန်ရွာကို ကျောက်စိမ်းတူးဖော်လိုက်မယ်တဲ့။ အဲ့ကြောင့် ဒီနှစ်ကနေ အိမ်ခြံဝင်းဝယ်ယူတာတွေရှိလာတယ်။ အခုတူးဖော်မယ့်ထဲမှာ ကျောင်းနေရာတွေလည်းအကုန်ပါတယ်။ ဒါကြောင့် ဒီနယ်မြေမှာရှိတဲ့ KIO တွေက အထက်ကနေ ညွန်ကြားချက်မရှိဘဲနဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး တူးဖော်ဖို့ ပြင်ဆင်နေကြပြီ။ အဲလိုအခြေအနေတွေတော့ဖြစ်လာတယ်။ သူတိုရဲ့ အာဏာပါဝါတွေသုံးပြီ လုပ်လာမယ့်ပုံစံတွေလည်းတွေ့နေရတယ်။ ဒါပေမယ့် ဒေသခံတွေက ကန့်ကွက်တာများပါတယ်လို့ပြောပါတယ်။

မဇွပ်ယန်ရွာကို ကျောက်စိမ်းတူးဖော်ဖို့ လုပ်ဆောင်နေတဲ့ KIO အရာရှိ  ဦးကတော့ လမိုင်လွမ့်တူး(Lamai Lum Tu)  အင်ဒူတူးခေါင်(N-du Tu Hkawng) တို့ဖြစ်ကြပြီး ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ကုမ္ပဏီဖြစ်တဲ့ တစ်သုံးလုံး ကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီး ကျောက်စိမ်းတူးဖော်ဖို့ ကြိုးပမ်းနေကြတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကတည်းကနေ မဇွပ်ယန်ကျေးရွာအတွင်း ကျောက်စိမ်းတူးဖော်မယ့် စီမံကိန်းတွေကို စတင်လုပ်ဆောင်လာတာကို အသိသိသာသာ မြင်တွေ့ရပြီး အုပ်ချုပ်ရေးအဖွဲ့တွေကလည်း  ကျေးရွာကို ကျောက်စိမ်းတူးဖော်တော့မှာဖြစ်တယ်လို့ အသိပေးပြောဆိုထားတာတွေရှိနေပြီလို့သိရပါတယ်။

KIO အဖွဲ့တွေအနေနဲ့ ကျောက်စိမ်းတူးဖော်နိုင်ဖို့ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီး ပြောဆိုတာတွေတင်မကပဲ သက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်း၊ ကချင်ရိုးရာအဖွဲ့တွေနဲ့ တွေ့ဆုံပြီး စည်းရုံးပြောဆိုတာတွေလည်းရှိနေတယ်လို့ မဇွပ်ယန်ဒေသခံတွေကပြောပါတယ်။

အခုလို စည်းရုံးပြောဆိုတာတွေရှိနေတာကြောင့် မဇွပ်ယန်ဒေသခံတစ်ချို့က ကျောက်စိမ်းတူးဖော်ဖို့ သဘောတူတဲ့သူတွေရှိကြသလို မဇွပ်ယန်ကျေးရွာဟာ ဥရုချောင်းနဲ့ကပ်ရပ်မှာပဲရှိတဲ့အတွက် ဒေသခံအများပိုင်းက ကန့်ကွက်နေကြပါတယ်။

မဇွပ်ယန်ကျေးရွာမှာ ကျောက်စိမ်းတူးဖော်ဖို့အတွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက ကိုယ်စားလှယ်လုပ်ပြီး ဒေသခံပြည်သူတွေနဲ့ အစည်းအဝေး  ကြိမ်ပြုလုပ်ပြီလို့သိရတဲ့အတွက် မဇွပ်ယန်ကျေးရွာက အုပ်ချုပ်ရေးတာဝန်ခံကို KNG ကမေးမြန်းတဲ့အခါမှာ အခုလိုပြောဆိုလာပါတယ်။

အဲဒီကစ္စက အရမ်းကြီးပြင်ဆင်ထားတာတွေမရှိသေးတဲ့အတွက် ပြောဖို့ကခက်နေသေးတယ်။ တွေ့ဆုံညှိနှိုင်းတာတွေတော့ရှိပါတယ်။ အတည်ပြုဖို့ခက်ခဲနေသေးတာဖြစ်တဲ့အတွက် ဆွေးနွေးနေတဲ့သေးအဆင့်မှာပဲရှိနေသေးတယ်။ ပြီးရင် စာသင်ကျောင်းနေရာမှာ ကျောက်စိမ်းတူးဖော်မယ့်ကစ္စကလည်း အများပိုင်းက ကန့်ကွက်နေကြပါတယ်။ ကျောက်စိမ်းတူးဖို့မတူးဖို့ဆိုတာကလည်း နှစ်ဖက်အစိုးရနဲ့ဆိုင်ပါတယ်။ အစိုးရတွေကလုပ်လာမယ်ဆိုရင်တောင် ကျနော်တို့ ဒေသခံတွေက ပြောပိုင်ခွင့်မရှိဘူးလို့ပြောပါတယ်။

ဧပြီလအတွင်းကနေ မဇွပ်ယန်ကျေးရွာမှာ ကျောက်စိမ်းတူးဖော်ဖို့အရေး အုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံတွေ  ကြိမ်တွေ့ဆုံခဲ့တဲ့ ဆွေးနွေးမှုမှာ လက်ရှိ စာသင်ကျောင်းနေရာကို ရွှေ့ပြောင်းလိုက်ပြီး ကျောင်းဝင်းနေရာမှာ ကျောက်စိမ်းတူးဖော်ဖို့အဓိကဆွေးနွေးကြတယ်လို့ ပြောပါတယ်။

မဇွပ်ယန် စာသင်ကျောင်းရှိတဲ့နေရာဟာ မြေနေရာကျဉ်းတဲ့အတွက် ဒီထက်ကျယ်ပြန့်တဲ့မြေနေရာအသစ်ကို ရွှေ့ပြောင်းလိုက်ပြီး လက်ရှိ ကျောင်းဝင်းနေရာကို ကျောက်စိမ်းတူးဖော်ဖို့တိုက်တွန်းပြောဆိုနေတာကြောင့် ဒေသခံတွေက ကန့်ကွက်နေကြတယ်လို့လည်း သိရပါတယ်။

ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ မဇွပ်ယန်ကျေးရွာကို ကျောက်စိမ်းဖော်ဖို့အတွက် စာသင်ကျောင်းနဲ့ ရိုးရာရုံးအရှေ့ဘက်ခြမ်းအပြင် ရိုးရာရုံးရဲ့ အနောက်ဘက်ခြမ်း ဥရုချောင်းနဲ့ကပ်ရပ်အပိုင်း နှစ်ပိုင်းခွဲထားပြီး လက်ရှိမှာစာသင်ကျောင်းအနီးတဝိုက်ဘက်ကို အရင်တူးဖော်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မဇွပ်ယန်ကျေးရွာမှာ အိမ်ခြေ ၅၀၀ ကျော်လောက်နေထိုင်ပြီး ကျောက်စိမ်းတူးဖော်ဖို့ စီမံကိန်းကြောင့် အိမ်ခြေအားလုံးကို လက်ရှိ လျာထားချက်အရ တောက်ပကြယ်ကျောက်စိမ်းကုမ္ပဏီတွေကျောက်စိမ်းတူးဖော်လိုက်တဲ့ မြေစာပုံဘက်မှာမြေနေရာရှင်လင်းပြီး ရွှေ့ပြောင်းခိုင်းဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ဖားကန့်ဒေသမှာ မဇွပ်ယန်ကျေးရွာဟာ တခြားကျေးရွာတွေထက် ကျောက်စိမ်းတူးဖော်မှု နည်းပါးနေသေးတဲ့အပြင် မြေမှန်နေရာလည်းဖြစ်နေသေးတာကြောင့် အိမ်တိုင်းလိုလို ရေသဘာဝအရင်းအမြစ်ကိုရရှိနေသေးတဲ့ ကျေးရွာလည်းဖြစ်တယ်လို့ မဇွပ်ယန်ဒေသခံတွေကပြောပါတယ်။

မဇွပ်ယန်ကျေးရွာဟာ ဥရုချောင်းနဲ့ ဖာလုံလောက်အကွာမှာသာရှိတာကြောင့် ကျောက်စိမ်းတူးဖော်လိုက်ပါက မဇွပ်ယန်ရွာအပါ လုံးခင်းကျေးရွာတစ်ခုလုံး ရေမြှုပ်တာတွေ၊ ဖားကန့်မြို့ထဲမှာ ရေပြဿနာတွေ အများကြီးဖြစ်လာနိုင်တယ်လို့ ဖားကန့် လုံးခင်းဒေသတစ်ဦးက အခုလိုပြောဆိုလာပါတယ်။

ရေနဲ့ ပတ်သက်ပြီး မြေပြိုကျတာတွေ ရေမြှုပ်တာတွေဖြစ်လာနိုင်တယ်။ ဘာလို့လဲဆိုတော့ ဥရုချောင်းနဲ့က အရမ်းနီးတာဖြစ်တယ်။ ဒါကြောင့် အရမ်းကို သတိထားရမယ့်နေရာဖြစ်တယ်။ တစ်ဖက်မှာ ဥရုချောင်းကိုလည်း ရှင်းလင်းတာတွေမလုပ်နိုင်။ အခုလို ဥရုချောင်းနဲ့ နီးတဲ့ နေရာတွေမှာ ပြန်လုပ်လာဖို့ ဆိုရင်က လုံးခင်းကျေးရွာတွေက စိုးရိမ်ရတဲ့ ခြေအနေဖြစ်သွားပြီလို့ပြောပါတယ်။

ဒါကြောင့် မဇွပ်ယန်ကျေးရွာကို ကျောက်စိမ်းတူးဖော်မယ့် စီမံကိန်းဟာ ဖားကန့်ဒေသခံပြည်သူတွေ အားလုံးအတွက် နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာနိုင်တာကြောင့် စီမံကိန်းကို ရပ်တန့်ပေးဖို့နဲ့ ကန့်ကွက်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြောပါတယ်။

ဒါ့အပြင် မဇွပ်ယန်ကျေးရွာမှာ ကျောက်စိမ်းတူးဖော်မယ့် ကိစ္စရပ်ဟာ ကျေးရွာတစ်ရပ်လုံးနဲ့ ဆိုင်တဲ့ ကိစ္စရပ်ဖြစ်တာကြောင့် KIO အစိုးရအနေနဲ့လည်း ကန့်ကွက်နေတဲ့ဒေသခံပြည်သူတွေရဲ့ သဘောထားဆန္ဒတွေကို လိုက်နာပေးဖို့လည်း လိုအပ်တယ်လို့ ဆက်လက်တောင်းဆိုထားပါတယ်။

မဇွပ်ယန်ကျေးရွာကို အရင်အစိုးရ လက်ထက်ကတည်းက ရတနာနယ်မြေအဖြစ်သတ်မှတ်ထားပြီး ကျောက်စိမ်းတူးဖော်ဖို့ စီမံကိန်းရှိထားပြီး လက်ရှိ အရေးအခင်းကာလမှာ KIO အစိုးရက ကျောက်စိမ်းတူးဖော်ဖို့ အကောင်အထည်ဖော်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

နှစ်ပေါင်း ၄၅ နှစ်သက်တမ်းကြာမြင့်လာပြီဖြစ်တဲ့ မဇွပ်ယန်ကျေးရွာကို ဒေသခံပြည်သူတွေက နှစ်ပေါင်း ၅၀ ပြည့်ရင် ကျေးရွာတည်တဲ့ ရွှေရတုဂျူဗလီပွဲတော်ကြီးကျင်ပဖို့လည်း ပြင်ဆင်ထားတယ်လို့လည်းသိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button