နေရပ်ပြန်လာကြပြီဖြစ်တဲ့ ဆွမ်ပရာဘွမ်ဒေသခံပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေ
တိုက်ပွဲကြောင့် သုံးလဝန်းကျင်လောက် တောတွင်းနေရာတွေမှာထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဆွမ်ပရာဘွမ့် ဒေသခံပြည်သူတွေ နေရပ်ပြန်လာနေထိုင်ကြပြီး တိုက်ပွဲအတွင်းထိခိုက်ပျက်စီးမှုများတာကြောင့် ကူညီထောက်ပံ့တာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဆွမ်ပရာဘွမ်ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကနေ အိမ်ထောင်စုအားလုံးနီးပါခန့်က မြို့ထဲကို ပြန်ဝင်လာကြပြီး လက်ရှိမှာ မြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပြီလို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၃ လအတွင်းမှာ ဆွမ်ပရာဘွမ်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းအနီးတဝိုက်မှာရှိတဲ့ လူနေအိမ် ၃၀ ကျော် နေထိုင်လို့မရအောင် ထိခိုက်ပျက်စီးသွားတာကြောင့် လက်ရှိမှာ နေအိမ်ပျက်စီးသွားတဲ့ ဒေသခံတွေက နေထိုင်ဖို့ နေရာအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“အိမ်တွေကနေလို့မရအောင်ဖြစ်သွားတယ်။ မိုးကရွာ နေထိုင်ဖို့နေရာလည်းတော်တော်လည်း ခက်တယ်။ အခုလောလောလိုအပ်နေတာက အဲဒါဟုတ်တယ်။ အများပိုင်းက အိမ်ခေါင်မိုးတွေ ပျက်စီးသွားတယ်။ အဲဒါကြောင့် မိုးရွာရင်က နေလို့မရတဲ့ အခက်အခဲဖြစ်နေတယ်ပေါ့လေ”လို့ပြောပါတယ်။
ဆွမ်ပရာဘွမ့်မြို့ပေါ်မှာရှိတဲ့ နေအိမ်တွေဟာ များသောအားဖြင့် သွပ်မိုးတဲ့ ပျဉ်ထောင်အိမ်တွေဖြစ်ကြပြီးတော့ လက်ရှိမှာ ငွေကြေးမတတ်နိုင်တာကြောင့် မိုးမယိုနိုင်အောင် ပေါက်ပြဲသွားတဲ့ နေအိမ်တွေကို ဖာထည်ပြီး ပြန်လည်ပြုပြင်နေထိုင်ကြတယ်လို့ ပြောပါတယ်။
နေအိမ်ပျက်စီးဆုံးရှုံးသွားတဲ့ အိမ်ထောင်မိသားစုတွေက နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ ခိုလှုံနေကြတယ်လို့သိရပါတယ်။
ဆွမ်ပရာဘွမ်ဒေသခံပြည်သူတွေဟာ တိုက်ပွဲငြိမ်သက်သွားသလို ဆွမ်ပရာဘွမ်မြို့တစ်ခုလုံးကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက သိမ်းပိုက်ပြီဖြစ်တဲ့အပြင် မိုးတွင်းကာလ တောတွင်းနေရာတွေမှာ မိုးကာတဲတွေနဲ့ ဆက်လက်နေထိုင်ဖို့ အဆင်မပြေတာကြောင့် နေရပ်ပြန်လာကြတာဖြစ်တယ်လို့ ဆွမ်ပရာဘွမ်ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။
“တိုက်ပွဲတွေလည်း ငြိမ်သက်သွားပြီဖြစ်တဲ့အတွက် ပြီးရင် မိုးတွင်းကာလလည်း ရောက်သွားတယ်။ တောထဲမှာပဲ ဆက်နေရင် ဖျားနာတာတွေလည်း ပိုများလာတယ်။ မိုးကာတဲနဲ့ပဲနေရတာဖြစ်တဲ့အတွက် မိုးတွင်းကာလမှာ အဆင်မပြေတာကြောင့် အားလုံးပြန်လာကြတာပါ”လို့ ပြောပါတယ်။
လက်ရှိ ဆွမ်ပရာဘွမ့်မြို့ပေါ်မှာ တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် ဆွမ်ပရာဘွမ်မြို့ပေါ်မလှမ်းမကမ်းနေရာတွေမှာ တိုက်ပွဲတွေ ဆက်ရှိနေသေးတာကြောင့် လုံခြုံရေးအတွက်ကတော့ စိုးရိမ်မှုတွေရှိနေသေးတယ်လို့ ဆက်ပြောပါတယ်။
ဆွမ်ပရာဘွမ့်မြို့ဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပြီဖြစ်တာကြောင့် KIO ရဲ့ အုပ်ချုပ်မှုအောက် ကျန်းမာရေး၊ ပညာရေး ကအစ စတင်နိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ ကျောင်းဖွင့်ချိန်ကာလဖြစ်တာကြောင့် စာသင်ကျောင်းတွေ အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့ KIO အစိုးရက လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဆွမ်ပရာဘွမ့်မြို့ဟာ မြစ်ကြီးနား – ပူတာအိုသွားလမ်းမပေါ်မှာရှိတဲ့ မြို့တစ်ခုဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ မြို့တစ်ခုဖြစ်ပါတယ်။
KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က စတင်ပြီး ဆွမ်ပရာမြို့ပေါ်တိုက်ပွဲ ဆင်နွှဲခဲ့ပြီး နှစ်လကျော်လောက်အကြာ မေလ ၅ ရက်နေ့မှ ဆွမ်ပရာဘွမ်မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ မတ်လ ၈ ရက်နေ့နောက်ပိုင်း မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းကို ရက်အကန့်အသတ်မရှိ ဖြတ်တောက်လိုက်တာဖြစ်ပါတယ်။ အခု ဇွန်လအတွင်းမှ နှစ်ဖက်စစ်တပ်ရဲ့ ညှိနှိုင်းမှုကြောင့် ကုန်ကားတွေ အကန့်အသတ်နဲ့ သွားလာခွင့်ရရှိနေတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)