သတင်း

နန့်စီးအောင်ဂိတ်မှာ ဆီဘောက်ဆာကားတွေကို ဖြတ်သန်းခ သိန်း ၂၀၀ အထိ အခွန်ကောက်ခံပြီး အကန့်အသတ်နဲ့သာသွားခွင့်ပြုနေ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင်ဂိတ်မှာ စစ်ကောင်စီတပ်က ဆီဘောက်ဆာကားတစ်စီး ဖြတ်သန်းခအတွက် ကျပ်သိန်း ၂၀၀ အထိအခွန်ကောက်နေပြီး တစ်ရက်ကိုကားကြီး ၅ စီးလောက်ပဲ ဖြတ်သန်းခွင့်ပြုတယ်လို့ ကားသမားတွေဆီကသိရပါတယ်။

အခုလို စစ်ကောင်စီတပ်က တစ်ရက်ကိုကားကြီး ၅ စီးသာဖြတ်သန်းခွင့်ပြုနေတဲ့အတွက် ရာနဲ့ချီတဲ့ ဆီဘောက်ဆာကားတွေ နန့်စီးအောင်ဂိတ် နဲ့ အင်းတော်မြို့နယ်ထဲမှာပိတ်မိနေတယ်လို့ မြစ်ကြီးနားမန္တလေး ကားသမားတစ်ယောက်ကအခုလိုပြောပါတယ်။

သူတို့က ဆီဘောက်ဆာကားကြီးဆိုရင် သိန်း ၂၀၀ လောက်တောင်းတယ်တဲ့။ ၁၂ ဘီးကားဆိုရင်လည်း သိန်း ၅၀ လောက်တောင်းတယ်တဲ့။ တစ်နေ့ကိုလည်း ကားက ၅စီးလောက်ပဲဖြတ်ခိုင်းတယ်တဲ့။ ဒါပေမဲ့ အခုတောင်းတဲ့ငွေကလည်းများတော့ စောင့်ပြီးနေနေရတာပေါ့။ ကျနော်တို့တွေ့ခဲ့တာ ကားတွေရပ်ထား တာ ဆီဘောက်ဆာ အစီးရေ ၁၀၀ကျော်လောက်မယ်။ အင်းတော်နဲ့ နန့်စီးအောင်အဝင်တို့မှာပိတ်မိနေတာလို့ပြောပါတယ်။

ဆီဘောက်ဆာကားတွေပိတ်မိနေတာ ၁၀ ရက်ကျော်ရှိလာပြီဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ကချင်ပြည်နယ်ထဲကမြို့နယ်တစ်ချို့မှာ စက်သုံးဆီအကန့်အသတ်တွေနဲ့သာရောင်းချတဲ့အခြေနေတွေ ဖြစ်လာပါတယ်။

တစ်ဖက်မှာ တရုတ်ပြည်ဘက်ကနေလာတဲ့စက်သုံးဆီဟာလည်း ကန်ပိုင်တည်တစ်ဝှိုက်စစ်ရေးတင်းမာ မှုတွေကြောင့် စက်သုံးဆီတွေကိုအကန့်အသတ်တွေနဲ့သာသယ်ယူခွင့်ပေးနေ တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က စက်သုံးဆီသယ်ယာဥ်တွေကို ရုတ်တရက်ပိတ်ဆို့ပြီး အခွန်ကောက်ခံ မှုကြီးမြင့်လာတဲ့အပေါ် ကာကွယ်ရေးတပ်ဘက်ကအခုလိုပြောပါတယ်။

အဓိကကတော့ ဒီလောင်စာဆီကိစ္စကလည်း ကျနော်တို့တော်လှန်ရေးသမားတွေဘက်ကလည်း လိုအပ် တာကို ဒီဆီရှိမှအစစအရာရာအဆင်ပြေတာကို အဲ့ဒီအတွက်ကို သူတို့ဘက်ကတားဆီးတဲ့သဘာမျိုး ကျနော် ထင်တယ်။ကချင်ပြည်နယ် တိုက်ပွဲတွေပြင်းထန်လာတာနဲ့လည်း ဆက်စပ်မှုရှိတယ်။ ဒီဆီရှိမှာ သွားလာ လုပ်ကိုင်ရတာ တိုက်ပွဲဖော်ဆောင်တာလုပ်နိုင်မှာကို အဲ့အတွက်လည်းပါမှာပေါ့လို့ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ဘက်က နန့်စီးအောင်ဂိတ်ကနေ ဆီဘောက်ဆာကားတွေကို အကန့်အသတ်တွေနဲ့ သွားလာခွင့်ပြုတာ၊ အခွန်ငွေအများအပြားကောက်ခံတာတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကစပြီး မိုးကောင်း၊ မိုးညှင်း ဒေသတို့မှာ စက်သုံးဆီတွေပြတ်လပ်လာသလို မြစ်ကြီးနားမြို့ပေါ်မှာလည်း ဒီရက်ပိုင်း အတွင်း ဆီဆိုင်တစ်ချို့အကန့်အသတ်တွေနဲ့သာ ရောင်းချနေကြတယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button