တိုက်ပွဲသတင်း

မိုးမောက် ခမရ ၄၃၇ တပ်ရင်းအပါ ဗန်းမော်မြို့အနီးအထိ စစ်တပ်နဲ့ KIA တပ်ကြားတိုက်ပွဲပြင်းထန်နေ

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းအပြင် ဗန်းမော်မြို့အနီးဆုံးနေရာတွေမှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

တစ်လဝန်းကျင်အကြာ တိုက်ပွဲငြိမ်သက်သွားတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာကို KIA တပ် ဇူလိုင်လ ၂၄ ရက်နေ့ စတင်ပြီး တစ်ကျော့ပြန် ထိုးစစ်ဆင် တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာမှာတင်မဟုတ်ဘဲ ဗန်းမော်မြို့နဲ့ အနီးဆုံးနေရာ တက္ကသိုလ်ကျောင်းအနောက်ဖက်ခြမ်း တစ်ကြော ကျေးရွာတွေအထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာမှာက ဒီမနက် ၈ နာရီလောက်ကနေ အကြီးအကျယ် ပြန်ဖြစ်နေကြပြီ။ သိမ်းဆည်းနိုင်တာတော့မရှိဘဲ တိုက်ပွဲကပြင်းထန်နေဆဲဖြစ်တယ်။ ပြီးရင် ဗန်းမော် တက္ကသိုလ်အနောက်ဘက် ရွှေစည်၊ သာစည်၊ ဘက်မှာလည်းတိုက်ပွဲဖြစ်နေတယ်။ နောက် ကောင်ဂျာယန်ဘက်မှာလည်း ဖြစ်နေတယ်လို့ပြောပါတယ်။

ဒီကနေ့ တစ်ရက်ထဲမှာပဲ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာမှာအပြင် ၃ နေရာလောက်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေကြား တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ ပြောပါတယ်။

မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာကို kIA တပ် သိမ်းပိုက်နိုင်ပြီလို့ သတင်းထွက်နေပေမယ့် KIA ဘက်က အပြီးသတ် သိမ်းဆည်းနိုင်ခြင်းမရှိဘဲ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

မိုးမောက်တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက တိုက်ပွဲဖြစ်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

မိုးမောက်တိုက်ပွဲက အခုချိန်အထိ ထူးခြားတာကမရှိသေးဘူး တိုက်ပွဲက ဆက်ဖြစ်နေသေးတယ်။ တခြားမှာဖြစ်တာတော့ မကြားဘူး ။ တိုက်ပွဲဖြစ်နေတဲ့ နေရာက မိုးမောက်၊ မံစီ တစ်ကြောမှာပဲဖြစ်နေတာပါလို့ ဒီကနေ့ ညနေပိုင်း ၂ နာရီခွဲဝန်းကျင်လောက်မှာ ပြောဆိုခဲ့ပါတယ်။

ဗန်းမော်မြို့နယ်အပါ မိုးမောက်၊ မံစီ ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားလာတဲ့အတွက် KIO ထိန်းချုပ်နေရာမှာရှိတဲ့ လွယ်ဂျယ်၊ မိုင်ဂျာယန် စတဲ့ မြို့တွေမှာ စစ်တပ်ရဲ့ လေကြောင်းရန် သတိထားဖို့ ဒေသအတွင်း ပြည်သူတွေကို သတိပေးပြောဆိုနေတာတွေလည်းရှိနေပြီဖြစ်ပါတယ်။

ဒါ့အပြင် KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနောက်ဘူကလည်း လက်ရှိ ကချင်ပြည်နယ်တစ်ခုလုံး ဖုန်းအင်တာနက်တွေ ပြတ်တောက်နေတဲ့ကာလအတွင်း ပြည်သူတွေအနေနဲ့ အထူးသတိထားနေထိုင်ဖို့ သတိပေးပြောဆိုထားတာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်တစ်ခုလုံး ဖုန်း၊ အင်တာနက်လိုင်းတွေ လုံးဝမရတော့ဘူး။ အဲဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ စစ်ရေးလှုပ်ရှားလာတာတွေ၊ လက်နက်သံတွေကို သတိချပ်စေချင်ပါတယ်။ ပြီးရင် ခရီးသွားလာတာတွေလည်း အထူးဂရုစိုက်စေချင်ပါတယ်လို့ပြောပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ဗန်းမော်၊ မိုးမောက်၊ မံစီ ဒေသတွေမှာရှိတဲ့ စစ်ကောင်စီတပ်ရင်း နေရာတွေကို အပြီးတပ် သိမ်းပိုက်ဖို့အတွက် တန်ပြန်ထိုးစစ်ဆင်တဲ့ တိုက်ပွဲဖြစ်တယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်း၊ မံစီ ခမရ ၆၀၁ တပ်ရင်း၊ ခမရ ၃၁၉ တပ်ရင်းနေရာတွေကို KIA တပ် ပြီးခဲ့တဲ့ မေလ လောက်ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမယ့် တပ်စခန်းလက်မလွတ်ရေးအတွက် စစ်တပ်က လေကြောင်းအင်အားအသုံးပြုပြီး ကာကွယ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မိုးမောက်၊ မံစီ ဒေသတွေမှာ တစ်လကျော်လောက်အကြာ တိုက်ပွဲငြိမ်သက်သွားပြီး အခု ဇူလိုင်လ ၂၄ ရက်တစ်ဖန်ပြန်လည်ဖြစ်ပွားလာတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button