ရွှေတူးဖော်မှု များလာတာကြောင့် ဒေသထွက်ကျောက်ဂျပိုးတွေ ရှားပါးလာ

ကချင်ပြည်နယ် ပူတာအိုဒေသမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်နဲ့ချောင်းတွေတစ်လျှောက် ရွှေအလွန်အကျွံ တူးဖော်လာတာကြောင့် ကျောက်ဂျပိုးတွေ နေထိုင်ရာနေရာတွေ ပျက်စီးပြီး ကျောက်ဂျပိုးလည်း ရှားပါးလာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဂျပိုးတွေဟာ ပုံမှန်အားဖြင့် နိုဝင်ဘာလကနေ ဖေဖော်ဝါရီလအထိ တွေ့ရတတ်တဲ့ အင်းဆက်ပိုးတစ်မျိုးဖြစ်ပြီး ချောင်းကမ်းတစ်လျှောက်က ကျောက်တုံး၊ ကျောက်ခဲတွေအောက်မှာ နေထိုင်ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ခုနောက်ပိုင်း မြစ်နဲ့ချောင်းတွေတစ်လျှောက် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်လာတာကြောင့် ချောင်းကမ်းတွေ ပျက်စီးတာ၊ တချို့နေရာတွေမှာ ချောင်းတွေ တိမ်ကောသွားတာတွေကြောင့် ကျောက်ဂျပိုးတွေ နေထိုင်ရာနေရာတွေ နည်းပါးလာတယ်လို့ နှစ်စဉ် ကျောက်ဂျပိုးရှာဖွေနေတဲ့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“ကျောက်ဂျပိုးဆိုတာ ချောင်းကမ်းရှိတဲ့နေရာ၊ ကျောက်တုံးကျောက်ခဲများတဲ့နေရာမှာပဲ နေတာဗျ။ အခုနောက်ပိုင်း ချောင်းတွေမှာ ရွှေတူးနေကြတော့ ချောင်းကမ်းဆိုတာ မရှိသလောက်ပဲ။ ချောင်းကမ်းတွေ ပျက်စီးလာတော့ ကျောက်ဂျပိုးတွေလည်း နေစရာရှားလာတယ်။ ရှာရလည်း ခက်လာတယ်။ အရင်လို ရှာဖို့မလွယ်တော့ဘူး” လို့ သုတ္ထန်ရပ်ကွက်မှာ နေထိုင်တဲ့ အဲဒီအမျိုးသားက ပြောပါတယ်။

အရင်က ပူတာအိုမြို့နယ်အတွင်း မလိခချောင်း၊ ဆန်ခေါင်ချောင်း၊ ဆန်ခချောင်း၊ မူလာရှီးဒီချောင်းနဲ့ နာမ်ထူခူးချောင်းတွေဟာ ကျောက်ဂျပိုးအထွက်ကောင်းတဲ့ နေရာတွေဖြစ်ပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်းမှာ အဲဒီချောင်းတွေအနီး ကျောက်ဂျပိုးရှာဖွေဖို့ ခက်ခဲလာပြီး အရင်လို အလွယ်တကူ မရတော့ဘူးလို့ နောက်ထပ်ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

“အရင်ကဆိုရင် နီးနီးနားနား ဆန်ခေါင်ချောင်းဘက်၊ နာမ်ထူခူးချောင်းဘက်တွေ သွားရှာရင်တောင် တော်တော်ရတယ်။ အခုက အဲဒီနေရာတွေမှာ သွားရှာဖို့ မလွယ်တော့ဘူး။ ချောင်းကမ်းတွေ မရှိတော့ဘူး။ ကျောက်ဂျပိုးလည်း မထွက်တော့ဘူး။ တော်တော်ကို ရှားသွားပြီ” လို့ လေယာဉ်ကွင်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

PSA

ဒေသခံတွေရဲ့ ပြောပြချက်အရ ရွှေတူးဖော်ထားတဲ့ နေရာတွေမှာ ချောင်းကမ်းတွေ ပျောက်ကွယ်သွားသလို ရွှေမတူးဖော်တဲ့ နေရာတွေမှာလည်း ရွှေတူးဖော်မှုတွေကနေထွက်လာတဲ့ ရွှံ့နွံနဲ့ မြေစာတွေ ချောင်းရေတွေနဲ့အတူစုပုံလာပြီး ကျောက်ဂျပိုးတွေ နေထိုင်ရာ ကျောက်တုံး၊ ကျောက်ခဲပြင်တွေ ဖုံးလွှမ်းပျက်စီးနေတယ်လို့ သိရပါတယ်။

“ရွှေတူးထားတဲ့နေရာတွေဆိုရင် ချောင်းကမ်းက လုံးဝမရှိတော့ဘူး။ ရွှေမတူးတဲ့နေရာတွေမှာလည်း အထက်ဘက်က ရွှေတူးတော့ ချောင်းတစ်လျှောက် ရွှံ့တွေ၊ နွံတွေ တင်လာတယ်။ ကျောက်ဂျပိုးနေတဲ့ ကျောက်တုံး၊ ကျောက်ခဲတွေ မရှိတော့ဘူး။ အခုက ရှာဖို့နေရာလည်း သိပ်မကျန်တော့ဘူး”လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ပူတာအိုဒေသမှာ ကျောက်ဂျပိုးရှာဖွေတာဟာ ဒေသခံတချို့အတွက် နှစ်စဉ်ရာသီအလိုက် ဝင်ငွေရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ ရှာဖွေနိုင်တဲ့နေရာတွေ နည်းလာတာကြောင့် အရင်နှစ်တွေလို လွယ်လွယ်ကူကူ ရှာမရတော့သလို ကျောက်ဂျပိုးအရေအတွက်လည်း လျော့နည်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဂျပိုးတွေ ရှားပါးလာတဲ့အပြင် ရောင်းဈေးလည်း တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ ၂၀၂၄ ခုနှစ်မှာ ကျောက်ဂျပိုးတစ်ပိဿာကို ကျပ် ၁၀ သိန်းအထိ ရှိခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်မှာ ကျပ် ၆ သိန်းကနေ ၇ သိန်းဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ၂၀၂၆ ခုနှစ်မှာတော့ ကျပ် ၂ သိန်းဝန်းကျင်သာ ရှိတော့တယ်လို့ သိရပါတယ်။

ဈေးနှုန်းကျဆင်းလာတာဟာ စစ်ရေးနဲ့ အခြေအနေအမျိုးမျိုးကြောင့် သွားလာရေးခက်ခဲလာပြီး ကုန်သည်တွေ အလွယ်တကူ လာရောက်ဝယ်ယူနိုင်ခြင်း မရှိတော့တာအပြင် လမ်းတစ်လျှောက် အခွန်ကောက်ခံတဲ့ ဂိတ်တွေ များလာတာကြောင့်လို့ ဒေသခံတွေက ပြောပါတယ်။

“ဈေးက ဒီသုံးနှစ်အတွင်း အရမ်းကျသွားတယ်။ အဓိကကတော့ ဂိတ်တွေ များလာလို့ပဲ။ ပူတာအိုနဲ့ မြစ်ကြီးနားကြားမှာ မနှစ်က ဂိတ် ၁၀ ခုလောက်ပဲရှိရင် ဒီနှစ်မှာ ၃၀ လောက်အထိ ရှိလာတယ်။ တစ်ဂိတ်ချင်းစီ ပေးရတဲ့ငွေကလည်း မနည်းဘူး။ အဲဒါကြောင့် ဒိုင်တွေက ဒီမှာ ဈေးလျှော့ဝယ်ကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပူတာအိုဒေသမှာ စစ်အာဏာမသိမ်းခင်က လက်လုပ်လက်စား ရွှေတူးဖော်မှုတွေသာ ရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မြစ်ချောင်းတွေနဲ့ လယ်ယာမြေတွေမှာ စက်ယန္တရားကြီးတွေ အသုံးပြုပြီး ရွှေတူးဖော်လာကြတာ ဖြစ်ပါတယ်။

ခုလို ရွှေတူးဖော်မှုတွေကြောင့် ချောင်းတချို့ တိမ်ကောသွားတာ၊ မြစ်ချောင်းပြောင်းလဲလာတာ၊ ကျောက်ဆောင်၊ကျောက်တန်းတွေ ပျက်စီးသွားတာဟာ ကျောက်ဂျပိုးလိုမျိုးစိပ်တွေရှားပါးလာစေတယ်လို့လည်း ဒေသခံတွေသုံးသပ်နေကြပါတယ်။

ပူတာအိုဒေသထွက် ကျောက်ဂျပိုးတွေကို အရောင်နဲ့ အရွယ်အစားအရ အမည်းရောင်တန်းပြီး အကောင်သေးတဲ့မျိုးနဲ့ အနီရောင်တန်းပြီး အကောင်ကြီးတဲ့မျိုးဆိုပြီး နှစ်မျိုးတွေ့ရတယ်လို့ သိရပါတယ်။

အဲဒီအထဲမှာ အမည်းရောင်တန်းတဲ့ အကောင်သေးမျိုးကို ပိုမိုဝယ်ယူကြပြီး အနီရောင်တန်းတဲ့ အကောင်ကြီးမျိုးကိုတော့ ဝယ်လိုအားနည်းတယ်လို့ ကျောက်ဂျပိုးဝယ်ရောင်းသူတွေက ပြောပါတယ်။

ပူတာအိုနဲ့ ချီဖွေဒေသထွက် ကျောက်ဂျပိုးတွေကို တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို အဓိကတင်ပို့ရောင်းချကြတာဖြစ်ပြီး တရုတ်ဘက်မှာတော့ ဆေးဝါးဖော်စပ်ရာနဲ့ ဟင်းခတ်အမွှေးအကြိုင်ထုတ်လုပ်ရာမှာ အသုံးပြုတယ်လို့ ကုန်သည်တွေက ပြောဆိုထားပါတယ်။

ဒေသခံတွေကတော့ ကျောက်ဂျပိုးကို ငရုတ်သီးနဲ့ထောင်းစားတာ၊ ကြော်စားတာနဲ့ ဟင်းချိုထဲထည့်စားတာတွေ လုပ်ကြပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button