တိုက်ပွဲနယ်မြေတွေပါဝင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်လို့ UEC ကြေညာ

စစ်တပ်က ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဟာ လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၅၅ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ် ဧပြီ ၄ ရက်မှာ ကျင်းပမယ်လို့ နိုဝင်ဘာ ၅ ရက်မှာ ကြေညာထားပါတယ်။

အဲဒီမဲဆန္ဒနယ်တွေထဲမှာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်က တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ နယ်မြေတချို့လည်း ပါဝင်နေပါတယ်။

ဒါပေမယ့် စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကိုတော့ ရွေးကောက်ပွဲကျင်းပမယ့် နယ်မြေစာရင်းထဲ ထည့်သွင်းထားတာ မတွေ့ရပါဘူး။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ စစ်တပ်ဟာ နိုင်ငံတကာမှာ အစိုးရတစ်ရပ်အနေနဲ့ ရပ်တည်နိုင်ကြောင်း ပြသဖို့ ကြိုးစားနေတာလို့ သူ့အမြင်ကို ပြောပါတယ်။

“စစ်တပ်က လုပ်စရာရှိတာတွေကိုတော့ ပုံမှန်လုပ်နေတယ်လို့ မြင်ပါတယ်။ ရွေးကောက်ပွဲက ဖြစ်မဖြစ်ဆိုတာကတော့ သူတို့အပိုင်းပေါ့။ သူတို့အနေနဲ့ နိုင်ငံတကာမှာ အစိုးရတစ်ရပ်အနေနဲ့ လုပ်ဆောင်သင့်တာတွေကို လုပ်နေတယ်ဆိုတာ ပြသချင်တဲ့သဘောလို့ မြင်ပါတယ်” လို့ နိုင်ငံရေးလေ့လာသူတစ်ဦး ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၄ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၅ နေရာနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၆ နေရာ စုစုပေါင်း ၅၅ နေရာ ပါဝင်မှာဖြစ်ပြီး မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နဲ့ ကျင်းပမယ်လို့ UEC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပပြီး အာဏာပြန်လွှဲပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်က ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ကျင်းပမယ်လို့ ကတိပေးထားတဲ့ ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်း တိုက်ပွဲတွေဖြစ်နေတဲ့အကြောင်းပြချက်နဲ့ ရွှေ့ဆိုင်းခဲ့ပါတယ်။

PSA

အဲဒီနောက် စစ်တပ်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်ကစပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နဲ့ ၂၅ ရက်တွေမှာ အပိုင်း ၃ ပိုင်းခွဲကာ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က အများစုအနိုင်ရခဲ့ပြီး လွှတ်တော်နှစ်ရပ်မှာ ကြေညာထားတဲ့ ရွေးကောက်ခံနေရာအများစုကို ရရှိခဲ့ပါတယ်။

ရွေးကောက်ပွဲပြီးနောက် ၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်မှာ မင်းအောင်လှိုင်ဟာ လွှတ်တော်ရဲ့ သမ္မတရွေးချယ်မှုကနေ သမ္မတဖြစ်လာခဲ့ပြီး ဧပြီ ၁၀ ရက်မှာ သူဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရသစ်ကို ဖွဲ့စည်းခဲ့ပါတယ်။

ဒါကြောင့် အရင် စစ်ကောင်စီအုပ်ချုပ်ရေးပုံစံကနေ မင်းအောင်လှိုင် သမ္မတအဖြစ် ဦးဆောင်တဲ့ အစိုးရပုံစံကို ပြောင်းလဲခဲ့ပေမဲ့ စစ်တပ်ရဲ့ နိုင်ငံရေးအာဏာ ဆက်လက်တည်ရှိနေတယ်လို့ Reuters က သုံးသပ်ဖော်ပြထားပါတယ်။

အရင် အထွေထွေရွေးကောက်ပွဲမှာ စစ်တပ်ထိန်းချုပ်မှုအောက် မရှိတဲ့ မဲဆန္ဒနယ် ၁၂၁ နေရာကို ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ဘူးလို့ Reuters က ဖော်ပြထားပါတယ်။

အခု ကြားဖြတ်ရွေးကောက်ပွဲမှာလည်း တိုက်ပွဲဖြစ်နေတဲ့ နယ်မြေတွေ ပါဝင်လာတာကြောင့် အဲဒီဒေသတွေမှာ မဲပေးနိုင်မယ့် အခြေအနေနဲ့ လုံခြုံရေးအခြေအနေတွေကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံအများအပြားကလည်း အတိုက်အခံပါတီတွေ ပါဝင်ခွင့်မရတာ၊ တိုက်ပွဲဖြစ်နေတဲ့ နယ်မြေတွေမှာ မဲပေးခွင့်မရတာနဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲကို ဝေဖန်ထားကြပါတယ်။

By – Zami

Show More

Leave a Reply

Back to top button