နယ်စပ်ဈေး ကန့်သတ်ချက်တွေကြောင့် ပစ္စည်းမရဘဲ ပြန်လာသူများနေ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြန်မာ–အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဈေး ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ပေမဲ့ တန်းစီပြီး ဝယ်ယူရတဲ့စနစ်ကြောင့် ပစ္စည်းမရဘဲ ပြန်လာရတဲ့ ပြည်သူတွေအများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယ–မြန်မာနယ်စပ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနောက်ပိုင်း အိန္ဒိယအစိုးရက နှစ်နိုင်ငံနယ်စပ်ဈေးနဲ့ ကုန်သွယ်ရေးလမ်းကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။
နယ်စပ်ဈေးနဲ့ ကုန်သွယ်ရေးလမ်း ပိတ်ထားပြီး တစ်လအကြာ အောက်တိုဘာ ၃၁ ရက်မှာ ပြန်ဖွင့်ပေးခဲ့ပေမဲ့ ၁၀ ရက်မှာ တစ်ကြိမ်သာ ဈေးဝယ်ခွင့်ရတဲ့အပြင် ဝယ်ယူခွင့်ရတဲ့ရက်မှာလည်း တန်းစီစောင့်ဆိုင်းရတာကြောင့် ပစ္စည်းမရဘဲ ပြန်လာရသူတွေလည်း အများအပြားရှိနေတယ်လို့ ပန်ဆောင်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“ဖွင့်တော့ ဖွင့်ပေးပါရဲ့။ ဒါပေမဲ့ အဆင်မပြေကြဘူး မဖွင့်ဘဲထားတာမှ ပိုကောင်းမယ်။ ပြည်သူတွေက ဈေးဖွင့်တယ်ဆိုပြီး ဆိုင်ကယ်ကယ်ရီငှား၊ ဓာတ်ဆီအကုန်ခံပြီး နယ်စပ်အထိ ဈေးဝယ်သွားကြတာ။ ဟိုရောက်တော့ တခြားစီ တန်းစီနေရတယ်။ နောက်ပြီး အဓိကက ဟိုဘက် (အိန္ဒိယ)၊ ဒီဘက် (မြန်မာ) ကုန်သည်တွေပဲ ချိတ်ဆက်ပြီး ကုန်သည်တွေကိုပဲ ပစ္စည်းအဓိက ရောင်းပေးတာ။ ပြည်သူတွေက အဆင်မပြေဘူး။ ပစ္စည်းမရဘဲ ပြန်လာတဲ့သူတွေအများကြီးပဲ” လို့ သူက ပြောပါတယ်။
မြန်မာဘက်က ပြည်သူတွေဟာ အိန္ဒိယဘက်က ကုန်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ မနက် ၈ နာရီလောက်ကတည်းက နယ်စပ်ဈေးကို သွားရောက်စောင့်ဆိုင်းနေကြရပါတယ်။

ဒါပေမဲ့ အိန္ဒိယဘက်က ကုန်သည်တွေ မနက် ၁၀ နာရီ၊ ၁၁ နာရီလောက်မှ ရောက်လာတာနဲ့ ကုန်သည်အရေအတွက် နည်းပါးတာအပြင် တန်းစီဝယ်ယူနေရတာကြောင့် ပြည်သူတွေ ပစ္စည်းမရဘဲ ပြန်လာရတဲ့ အခြေအနေတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မြန်မာဘက်ကတော့ မနက် ၈ နာရီလောက်ဆို နယ်စပ်ရောက်နေပြီ။ အိန္ဒိယဘက်ကတော့ မနက် ၁၀ နာရီ၊ ၁၁ နာရီလောက်မှ ရောက်တယ်။ နောက်ပြီး သူတို့က ပြန်တာလည်း စောတယ်။ နေ့လယ် ၂ နာရီခွဲလောက်ဆို ပြန်ကုန်ကြပြီ။ ဒီဘက်က တန်းစီရတာ၊ သူတို့အပြန်စောတာနဲ့ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး။ နောက်ပြီး ကုန်သည်တွေကပဲ ပစ္စည်းတွေ အလုအယက် ဝယ်သွားတော့ ပြည်သူတွေက မရကြတာများတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
နှစ်နိုင်ငံနယ်စပ်ဈေးဟာ မြန်မာဘက်ခြမ်းကနေ ၅ မိုင်ခန့်ဝေးပြီး အိန္ဒိယဘက်ခြမ်းကနေ ၁၀ မိုင်ခန့်ဝေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်ရှိ နယ်စပ်ဈေးမှာ စက်သုံးဆီ သယ်ယူခွင့်ကိုလည်း တားမြစ်ထားတယ်လို့လည်း ပြောပါတယ်။
ပုံမှန်အခြေအနေမှာ မြန်မာဘက်ခြမ်းက ပြည်သူတွေဟာ နှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံ နာမ်ပေါင်မြို့အထိ နေ့စဉ် ဈေးဝယ်သွားလာခွင့် ရရှိခဲ့ပေမဲ့ လက်ရှိမှာတော့ နယ်စပ်လုံခြုံရေးအခြေအနေကြောင့် ၁၀ ရက်မှာ တစ်ကြိမ်သာ သွားလာခွင့်ပြုထားပြီး ကုန်ပစ္စည်းသယ်ယူခွင့်ကိုလည်း တားမြစ်ကန့်သတ်ထားတယ်လို့ သိရပါတယ်။
မြန်မာ–အိန္ဒိယနယ်စပ်ဈေးနဲ့ ကုန်သွယ်ရေးလမ်းကို နယ်စပ်လုံခြုံရေးအခြေအနေအရ စစ်ရေးအကြောင်းပြချက်နဲ့ အိန္ဒိယအစိုးရက စက်တင်ဘာ ၃၀ ရက်မှာ ပိတ်ထားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ပုံမှန်အခြေအနေ ပြန်ဖြစ်နေပြီလို့ NSCN-K (YA) ဘက်က KNG ကို အတည်ပြုပြောဆိုထားပါတယ်။
ပန်ဆောင်မြို့နယ်ခွဲတစ်ဝိုက်နဲ့ မြန်မာ–အိန္ဒိယနယ်စပ်တစ်လျှောက်မှာ NSCN-K (YA) တပ်ဖွဲ့တွေ ပုံမှန်လှုပ်ရှားသွားလာနေပြီး ၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ငါးကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်ကလည်း ပန်ဆောင်မြို့ အနောက်တောင်ဘက် မြန်မာ–အိန္ဒိယနယ်စပ် မှတ်တိုင်အမှတ် ၁၇၂ အနီးမှာ အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ (21 Assam Rifles) နဲ့ နာဂလက်နက်ကိုင်တပ်ဖွဲ့ NSCN-K (ဗိုလ်ချုပ်ယုန်းအောင်) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယဘက်က နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းနဲ့ နယ်စပ်ဈေးတွေကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။
By – Zaw Zaw




