မြစ်ကြီးနားမှာ တရားမဝင် ပစ္စတိုသေနတ် ကိုင်ဆောင်သူများလာ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ ငွေကြေးတတ်နိုင်တဲ့ လူငယ်တချို့ တရားမဝင်ပစ္စတိုသေနတ်တွေ ဝယ်ယူကိုင်ဆောင်သူတွေများလာနေတယ်လို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း တရားမဝင်လက်နက်ကိုင်ဆောင်မှုတွေ ရှိလာခဲ့ပြီး ၂၀၂၅ ခုနှစ်နောက်ပိုင်းမှာတော့ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ တနိုင်းနဲ့ ဖားကန့်မြို့နယ်တွေမှာ အလွယ်တကူ သိုဝှက်ကိုင်ဆောင်နိုင်တဲ့ ပစ္စတိုသေနတ် ကိုင်ဆောင်သူ ပိုများလာတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“အခုနောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းရှင်အချို့ ပစ္စတိုသေနတ်ကိုင်တာ များလာတယ်လို့ ပြောလို့ရတယ်။ ပသစအဖွဲ့ထံကနေ ဝယ်သူရှိတယ်။ KIA/PDF နဲ့ လှုပ်ရှားထွက်နေတဲ့ သူတွေဆီကနေ သေနတ်တွေကို ဝယ်ကိုင်လာကြတယ်။ ဒါတွေကို တားမြစ်ပေးဖို့ လိုအပ်နေတာ အမှန်ပဲ” လို့ အဲဒီလုပ်ငန်းရှင်က ပြောပါတယ်။
ဒါ့အပြင် မြို့ပေါ်မှာ တရားမဝင်လက်နက်အရောင်းအဝယ်တွေလည်း ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။
လုပ်ငန်းရှင်တချို့ဟာ ကိုယ်ပိုင်လုံခြုံရေးအတွက် သေနတ်ဝယ်ယူကိုင်ဆောင်လာကြတာဖြစ်ပေမဲ့ လက်နက်အရောင်းအဝယ်တွေ ပိုကျယ်ပြန့်လာမှာကိုလည််းစိုးရိမ်နေတယ်လို့လည်း နောက်ထပ်လုပ်ငန်းရှင်တစ်ဦးပြောပါတယ်။
“ပိုက်ဆံရှိရင်ဝယ်လို့ရတာပဲဆိုပြီး ဝယ်ကိုင်လာကြမှာ ခုတောင် တော်တော်လေးကိုင်နေကြပြီ ဒါတွေက လုံးဝမဖြစ်သင့်ဘူး “လို့ နောက်ထပ်လုပ်ငန်းရှင်တစ်ဦးပြောပါတယ်။
ဒါ့အပြင် ခုလို သေနတ်တွေအလွယ်တကူဝယ်လို့ရတဲ့အခြေနေတွေကြောင့် ဓားပြမှု၊ အနုကြမ်းစီးမှုနဲ့ သေနတ်ပြခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံတာတွေ ပိုဖြစ်လာနိုင်တယ်လို့လည်း ပြည်သူတွေဆိုပါတယ်။

လက်ရှိ တရားမဝင်ပစ္စတိုတစ်လက်ကို ကျပ်သိန်း ၂၀၀ ကျော်ကနေ သိန်း ၃၀၀ အထိ ဈေးပေါက်နေပြီး အချိတ်အဆက်တွေနဲ့ ဝယ်ယူရောင်းချနေကြတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ငွေကြေးချမ်းသာတဲ့ လူငယ်တွေကြား သေနတ်တွေ ပေါပေါသီသီ ရောက်သွားရင် အန္တရာယ်များတယ်။ သေနတ်အားကိုးနဲ့ မဟုတ်တာတွေ လိုက်လုပ်ရင် မလွယ်ဘူး။ ရောင်းတဲ့သူတွေကို ထိထိရောက်ရောက် တားမြစ်စေလိုတယ်” လို့ သူက ပြောပါတယ်။
မြစ်ကြီးနားမြို့ပေါ်မှာလည်း ပြည်သူ့စစ်၊ စစ်တပ် ဒါမှမဟုတ် KIA/PDF အဖွဲ့ဝင်တွေလို ယူနီဖောင်းဝတ်ပြီး သေနတ်ကိုင်ကာ ငွေကြေးလိုက်လံတောင်းခံတဲ့ ဖြစ်စဉ်တွေလည်း ပုံမှန် ရှိနေသလို သေနတ်ပြပြီး အနုကြမ်းစီးတဲ့ ဖြစ်စဉ်တွေလည်း အဖြစ်များလာနေတယ်လို့လည်း သိရပါတယ်။
အလားတူ မိုးကောင်း၊ မိုးညှင်းနဲ့ ဖားကန့်မြို့နယ်တွေမှာလည်း ဓားပြမှု၊ ငွေကြေးတောင်းခံမှုနဲ့ သေနတ်ပြပြီး လူသစ်စုဆောင်းမှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ဆောင်မှုနဲ့ ပတ်သက်ပြီး ၁၈၇၈ ခုနှစ် လက်နက်အက်ဥပဒေအရ လိုင်စင်မရှိဘဲ သေနတ်လက်ဝယ်ထားရှိတာကို တားမြစ်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ၂၀၂၃ ခုနှစ် မေလ ၁၁ ရက်မှာ လက်နက်ဥပဒေသစ်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး လက်နက်ကိုင်ဆောင်မှု၊ သယ်ယူမှုနဲ့ ရောင်းဝယ်မှုဆိုင်ရာ တားမြစ်ချက်တွေကို ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။
တားမြစ်ချက်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားရင် ပုဒ်မ ၂၃ (က) အရ ထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။
By – Zami



