ကသာမြစ်အနောက်ဘက်ခြမ်း တိုက်ပွဲပြန်ဖြစ်၊ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ကသာမြို့ရဲ့ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက ကျောက်ပုံ၊ ကလုံနဲ့ သံပုရာကျေးရွာ တစ်ဝိုက်မှာ ပြီးခဲ့တဲ့ စနေနေ့ကစပြီး စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပြီး ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။
အဆိုပါဒေသတစ်ဝိုက်ကို ထိန်းချုပ်ထားတဲ့ စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အရပ်သားကားတွေကိုပါ ချောဆွဲပြီး ကသာ–ထီးချိုင့် အမှတ် ၃ ဗျူဟာလမ်းအတိုင်း မြောက်ဘက် မော်လူးဘက်ကို ဦးတည်ထွက်ခွာသွားခဲ့တာဖြစ်ပါ တယ်။
အဲဒီနောက် စစ်တပ်စစ်ကြောင်းတွေ ထွက်ခွာသွားတဲ့ ကျေးရွာတွေဘက်ကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်လာခဲ့ပြီး ကသာမြို့ဘက်ကနေ စစ်တပ်စစ်ကြောင်းတစ်ခု ပြန်လည်ဆင်းလာရာကနေ နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားလာတာလို့ ဒေသခံက ပြောပါတယ်။
“ကျနော်တို့ဆီမှာ လွန်ခဲ့တဲ့ ကြာသပတေးလောက်ကတည်းက ကျနော်တို့နယ်မြေကို ထိန်းချုပ်ထားတဲ့ စစ်ကြောင်းက ထွက်သွားလိုက်တာ။ မြောက်ဘက်ကို ဦးတည်သွားတာ။ မော်လူးကို စစ်ကူသွားတာလို့ ထင်တာပဲ။ အဲဒါနဲ့ အနောက်ကနေ တော်လှန်ရေးအင်အားစုတွေ ဝင်လာခဲ့တာ။ အဲဒါနဲ့ ကသာကနေ စစ်ကြောင်းပြန်ဆင်းလာတော့ တိုက်ပွဲဖြစ်နေတာ”
လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့ရက်တွေမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ လေကြောင်းတိုက်ခိုက်မှုနဲ့အပြန်အလှန်ပစ်ခတ်သံတွေနည်းပါးခဲ့ပေမယ့် တိုက်ပွဲ စဖြစ်တဲ့ စနေနေ့က မနက် ၄ နာရီလောက်ကနေ ညနေပိုင်းအထိ လေကြောင်းကနေတိုက်ခိုက်မှုတွေရှိခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မနက် ၄ နာရီဝန်းကျင်မှာလည်း ဂျက်ဖိုက်တာနဲ့ Y-12 လေယာဉ်တွေ ပျံသန်းတဲ့အသံတွေ ကြားခဲ့ရသလို လက်နက်ကြီး ပစ်ခတ်သံတွေကိုလည်း ဆက်တိုက်ကြားနေရတယ်လို့ ဆိုပါတယ်။
အခုလို စစ်ကြောင်းတွေ ရွှေ့ပြောင်းမှုနဲ့အတူ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာကြောင့် ကျောက်ပုံ၊ ကလုံနဲ့ သံပုရာကျေးရွာ တွေက ဒေသခံအများစုဟာ နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
အဲဒီကျေးရွာတွေတစ်ဝိုက်မှာ ပြီးခဲ့တဲ့ သင်္ကြန်ကာလကတည်းက တိုက်ပွဲဖြစ်ပွားတာမရှိခဲ့ပေမယ့် အခုလို တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာတဲ့အတွက် ဒေသခံတွေကြား စိုးရိမ်မှုတွေမြင့်တက်နေတယ်လို့ သိရပါတယ်။
အထူးသဖြင့် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာနိုင်တာနဲ့ ကျေးရွာတွေ မီးရှို့ခံရနိုင်တဲ့အခြေအနေတွေအပေါ် ဒေသခံတွေ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
“အခုက ကျောက်ပုံ၊ ကလုံ၊ သံပုရာရွာတွေဘက်ကတော့ ရွာလုံးကျွတ် အဲဒီလိုရှောင်နေပြီ။ နည်းနည်းပါးပါးတော့ ကျန်မှာပေါ့။ အများစုကတော့ ဘေးလွတ်ရာတွေမှာ နေကြတာပေါ့။ တိုက်ပွဲမဖြစ်တာက ကျနော်တို့ လွန်ခဲ့တဲ့ သင်္ကြန်ကာလကတည်းကပဲ။ အခု ပြန်ပြီး တိုက်ပွဲသံတွေ ပြန်ကြားရတာပေါ့”လို့ ဒေသခံက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိ၊ မရှိကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ အဲဒီဒေသတစ်ဝိုက်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် မြေပြင်အခြေအနေကို အချိန်နဲ့တပြေးညီ သိရှိဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
လက်ရှိမှာလည်း ကျောက်ပုံကျေးရွာတစ်ဝိုက် လေကြောင်းတိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းတွေကြားသိရပေမယ့် ထိခိုက် ပျက်စီးမှုအခြေအနေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
By – အမိုး



