အမျိုးသမီးတွေကို အွန်လိုင်းကနေ ထိပါးနှောင့်ယှက်တဲ့ လီဆူးပြည်သူ့စစ်ရဲဘော်ကို ခံဝန်ကတိနဲ့သာ အရေးယူ
ဝိုင်းမော်မြို့နယ်မှာ လီဆူပြည်သူ့စစ်ရဲဘော်တစ်ဦးက အမျိုးသမီးအများအပြားကို Messenger ကနေ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းပုံ၊ ဗီဒီယိုနဲ့ စာသားတွေ ပေးပို့ပြီး ထိပါးနှောင့်ယှက်နေတယ်လို့ ညစ်ညမ်းစာပို့ခံရတဲ့ အမျိုးသမီးတွေက KNG ကို ပြောပါတယ်။
အဲဒီဖြစ်စဉ်ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ တိုင်ကြားခဲ့ပေမဲ့ ကျူးလွန်သူကို နောက်ထပ်မလုပ်ဖို့ ခံဝန်ကတိထိုးခိုင်းတာနဲ့သာ အရေးယူခဲ့တယ်လို့ တိုင်ကြားသူတွေက ပြောပါတယ်။
“လူကြီးတွေကိုတော့ တိုင်ပြီလို့ပြောတယ်။ ဒါပေမယ့်နောက်ကျရင် မလုပ်ဖို့ခံဝန်ကတိပဲထိုးခိုင်းတယ်တဲ့”လို့ ဖြစ်စဉ်ကိုသိတဲ့ ဝိုင်းမော်မြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။
အဆိုပါ လီဆူပြည်သူ့စစ်ရဲဘော်ဟာ အမျိုးသမီးတွေရဲ့ Messenger အကောင့်တွေကို ဆက်သွယ်ပြီး မလိုလားအပ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေ ပေးပို့တာ၊ ညစ်ညမ်းတဲ့ စာသားတွေနဲ့ စကားပြောဆိုတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
အမျိုးသမီးတွေအနေနဲ့ အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရတာဟာ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ထိခိုက်စေသလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ဖြစ်စေနိုင်တာကြောင့် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ပြည်သူတွေက ထောက်ပြပြောဆိုနေကြပါတယ်။
မြန်မာနိုင်ငံ ရာဇသတ်ကြီး ပုဒ်မ ၅၀၉ မှာ အမျိုးသမီးတစ်ဦးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေဖို့ ရည်ရွယ်ပြီး စကားပြောတာ၊ အသံပြုတာ၊ အမူအရာလုပ်တာ၊ ပစ္စည်းတစ်ခုခု ပြသတာနဲ့ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကို ဝင်ရောက်နှောင့်ယှက်တာတွေကို ပြစ်မှုအဖြစ် သတ်မှတ်ထားပါတယ်။
ပြစ်မှုထင်ရှားရင် အများဆုံး ထောင်ဒဏ် ၁ နှစ်၊ ငွေဒဏ် ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်တယ်လို့လည်း ဥပဒေမှာဖော်ပြထားပါတယ်။

လက်ရှိမှာ မိန်းကလေးတွေကို နှောင့်ယှက်နေသူဟာ အမျိုးသားတစ်ဦးတည်းလား၊ မတူညီတဲ့သူတွေက သီးခြားကျူးလွန်နေတာလားဆိုတာကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဥပဒေအရလည်း အခုလို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေဟာ ရာဇဝတ်မှုမြောက်နိုင်ပြီး အရေးယူနိုင်တယ်လို့ ရှေ့နေသက်တမ်း ၁၀ နှစ်ကျော်ရှိပြီဖြစ်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
“လိင်ပိုင်းဆိုင်ရာ နှောက်ယှက်တာတွေက ရာဇသတ်ကြီးပုဒ်မနဲ့မှာလည်း အတိအကျပါတယ်။ ပြီးတော့ ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့လည်း တရားဆွဲလို့ရတယ်။ ဒါပေမယ့်လည်း လက်ရှိတရားရုံးမှာ များသောအားဖြင့် အဲလိုမျိုး ဖြစ်စဉ်တွေကိုတော့ ရာဇသတ်ကြီး ပုဒ်မနဲ့ဘဲဆွဲတာ ပိုများတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ရာဇသတ်ကြီး ပုဒ်မ ၂၉၂ မှာလည်း ညစ်ညမ်းတဲ့ ပစ္စည်းတွေကို ဖြန့်ဝေတာနဲ့ လူအများကြား ပျံ့နှံ့အောင် လုပ်တာတွေအတွက် အများဆုံး ထောင်ဒဏ် ၃ လ၊ ငွေဒဏ် ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အွန်လိုင်းကနေ မလိုလားအပ်တဲ့ လိင်ပိုင်းဆိုင်ရာ စာ၊ ပုံနဲ့ ဗီဒီယိုတွေ ပေးပို့ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ ပေးပို့သူအကောင့်၊ စာပို့ထားတဲ့ မှတ်တမ်း၊ ရက်စွဲနဲ့ အချိန်တွေကို Screenshot ရိုက်ပြီး သက်သေအဖြစ် သိမ်းဆည်းကာ သက်ဆိုင်ရာကို တိုင်ကြားဖို့ နောက်ထပ်ရှေ့နေတစ်ဦးကလည်း အကြံပြုထားပါတယ်။
By – Zami




