ငွေကြေးမက်မောမှုကြောင့် KIO အရာရှိအချို့ ပစ်သတ်ခံရခြင်းဖြစ်တယ်လို့ KIO ပြော
ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ တပ်မဟာ ၂၊ တပ်ရင်း ၁၄ နယ်မြေအတွင်း KIO အရာရှိတွေ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားနေတာဟာ အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ KIO အရာရှိတချို့က ငွေကြေးရရှိဖို့ကိုသာ မက်မောလာတဲ့အခြေအနေကြောင့် ဖြစ်တယ်လို့ KIO က ပြောပါတယ်။
ဒေသအတွင်း အုပ်ချုပ်ရေးနဲ့ ကွပ်ကဲကြပ်မတ်ရေးတာဝန်ယူထားတဲ့ အရာရှိတချို့ဟာ မျိုးချစ်စိတ်ထက် ငွေကြေးရရှိရေးကို ပိုပြီးဦးစားပေးလာကြတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ပြောပါတယ်။
“စုံစမ်းသုံးသပ်ကြည့်ရသလောက်က ကျနော်တို့ရဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ အရာရှိတွေက မျိုးချစ်စိတ်တွေ မရှိလာဘဲ ငွေကြေးကိုသာ မက်မောလာကြတာများတယ်။ တနိုင်းဘက်က အခြေအနေကို ကြည့်ရင်လည်း စစ်ရေးဘက်မှာ တာဝန်ထမ်းဆောင်နေသူတွေက မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ထံ ဘက်ပြောင်းသွားတာ မရှိပါဘူး။ ဒါပေမဲ့ အုပ်ချုပ်ရေးဘက်ကတော့ တချို့ ဘက်ပြောင်းသွားတာရှိတယ်လို့ သိရပါတယ်။ ဒီလိုအခြေအနေမှာ အရင်ကတည်းက သူတို့အချင်းချင်း ဘာပြဿနာတွေရှိခဲ့ကြတာလဲတော့ မသိဘူး။ အခုလို ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေ ရှိလာတာပါ” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
တနိုင်းမြို့နယ် လီဒိုလမ်းမတစ်လျှောက် KIA တပ်ရင်း ၁၄ နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေတဲ့ KIO အုပ်ချုပ်ရေးအရာရှိတချို့ဟာ ငွေကြေးနဲ့ ရာထူးရယူလိုတာကြောင့် မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ထံ ဘက်ပြောင်းသွားသူတွေရှိတယ်လို့ သိရပါတယ်။
အဲဒီလို ဘက်ပြောင်းသွားသူတွေနဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ KIO အရာရှိတွေကြား ပြဿနာတွေ ဖြစ်ပွားပြီးနောက် ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေ ရှိလာတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်မှာ တနိုင်းမြို့နယ် လမုန်ကျေးရွာအတွင်း KIO အရာရှိတစ်ဦး ပစ်သတ်ခံရပြီး အခြားအရာရှိ ၂ ဦးလည်း ပြည်သူ့စစ်အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
အဲဒီဖြစ်စဉ်မှာ KIO အရာရှိတစ်ဦးကို နေအိမ်အထိ လာရောက်ပစ်သတ်ခဲ့သူ ဦးဒါ့ရှီလထွယ်ဟာ အရင်က တနိုင်းမြို့နယ်အတွင်း မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံအဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်တယ်လို့ သိရပါတယ်။
ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ထံ ဘက်ပြောင်းသွားပြီးနောက် ဦးဒါ့ရှီလထွယ်ကိုယ်တိုင် ဦးဆောင်ကာ လာရောက်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ တနိုင်းမြို့နယ်အတွင်းက KIO စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
တနိုင်းမြို့နယ်အတွင်းမှာပဲ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကလည်း KIO အရာရှိတချို့နဲ့ ဒေသခံရပ်မိရပ်ဖတစ်ဦး အစည်းအဝေးလုပ်နေချိန် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဝင်တွေ ရောက်လာပြီး ရပ်မိရပ်ဖတစ်ဦးကို ပစ်သတ်ခဲ့သလို KIO အရာရှိတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဟာ အင်အားတဖြည်းဖြည်း ကြီးထွားလာပြီး KIO/KIA တာဝန်ထမ်းဆောင်သူတွေကို ဖမ်းဆီးတာ၊ ပစ်သတ်တာတွေ မကြာခဏ လုပ်ဆောင်လာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ မင်းဇေသန့်ကို KIA ဘက်က လုပ်ကြံတိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ လက်ရှိ KIO အရာရှိတွေ ပစ်သတ်ခံနေရတာတွေဟာ ဆက်စပ်နေနိုင်တယ်လို့ သုံးသပ်ပါတယ်။
“မင်းဇေသန့်ကို KIA ဘက်က လုပ်ကြံတိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ မကြာခဏရှိခဲ့ပါတယ်။ အဓိကတော့ KIA တပ်မဟာ ၂ အဖွဲ့တွေဖြစ်တယ်။ ဒီကနေ့အထိလည်း မအောင်မြင်သေးဘူး။ မင်းဇေသန့်ကိုယ်တိုင်တောင် KIA ရဲ့ လုပ်ကြံတိုက်ခိုက်ခံရတယ်ဆိုပြီး မကျေမနပ်ဖြစ်ပြီး သူ့ဦးနှောက်ထဲမှာ အမြဲမှတ်ထားပုံရတယ်။ အခွင့်အရေးရရင် ရသလို KIO အရာရှိတွေကို ပြန်ပြီးလုပ်နေတဲ့သဘောလို့ မြင်ရတယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်မှာလည်း ရှဒူးဇွပ်ကျေးရွာရှိ မင်းဇေသန့်နေထိုင်တဲ့ နေအိမ်ကို KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
အဲဒီအချိန်မှာ KIA တပ်ဖွဲ့တွေဟာ မင်းဇေသန့်ရဲ့ နေအိမ်အပြင် စံပြကျေးရွာရှိ ပြည်သူ့စစ်တပ်စခန်းတွေကိုပါ တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလို တိုက်ခိုက်ခံရပြီးနောက် မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ဟာ တနိုင်း၊ လီဒိုလမ်းမတစ်လျှောက် KIO/KIA နဲ့ ဆက်နွယ်သူလို့ ယူဆတဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးတာနဲ့ သတ်ဖြတ်တာတွေအထိ လုပ်ဆောင်လာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ ဒေသအတွင်း KIO ရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြတ်တောက်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ KIO အုပ်ချုပ်ရေးအရာရှိတစ်ဦးကလည်း သုံးသပ်ပါတယ်။
“KIO/KIA တာဝန်ထမ်းဆောင်နေတဲ့ အကြီး၊ အသေးအားလုံး သွားလာလို့မရအောင် လမ်းပိုင်းတွေမှာ အဟန့်အတားဖြစ်အောင် လုပ်နေတာတော့ ကြာပြီ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ပိုပြီး လက်တွေ့ကျကျ လုပ်ဆောင်လာတယ်လို့ မြင်ပါတယ်။ ဒါကတော့ KIO ရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြတ်တောက်နိုင်ဖို့ အဓိကလုပ်ဆောင်နေတယ်လို့ မြင်ပါတယ်” လို့ အဲဒီ KIO အရာရှိက ပြောပါတယ်။
အရင်က ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့တည်းသာ ရှိခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်နောက်ပိုင်းမှာတော့ အခြားပြည်သူ့စစ်အဖွဲ့တွေနဲ့ အင်အားပေါင်းစည်းပြီး မဟာမိတ်ပြည်သူ့စစ်အဖွဲ့အဖြစ် ရပ်တည်လာခဲ့ပါတယ်။ အဲဒီအဖွဲ့တွေဟာ တနိုင်းဒေသအပြင် ဖားကန့်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာပါ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဝါရာဇွပ်ပြည်သူ့စစ်အပါအဝင် ပေါင်းစည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ တနိုင်းသွားလမ်း လဝါးကျေးရွာကနေ တနိုင်းမြို့နယ်အထိ လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ထားပြီး ခရီးသွားပြည်သူတွေနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
အခုလို လမ်းပိုင်းတစ်လျှောက် စစ်ဆေးရေးတွေ တင်းကျပ်လာသလို KIO အရာရှိတွေ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း တစ်လကို အနည်းဆုံးတစ်ကြိမ် ဖြစ်ပွားလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကလည်း ရွှေမှော်သွားတဲ့ နောင်မီဒေသခံ အမျိုးသား ၄ ဦးကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
By – နော်ထွယ့်



