စစ်ကြောင်းနှစ်ကြောင်းခွဲ ထိုးစစ်ဆင်လာတဲ့ စစ်တပ် အထိနာပြီးပြန်ဆုတ်
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ပြန်ဆုတ်သွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေနဲ့ လမ်းပိုင်းတွေဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး တစ်ပြိုင်နက် ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။
ဒါပေမဲ့ KIA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းနှစ်ကြောင်းစလုံး ရွှေကူမြို့ဘက်ကို ပြန်ဆုတ်သွားတယ်လို့ ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။
“မနေ့က တစ်ချိန်တည်းမှာပဲ စစ်ကြောင်းနှစ်ကြောင်း တစ်ပြိုင်နက်တက်လာကြတာ။ တစ်ကြောင်းက ခတ်ခုံနဲ့ မန်နားလေးဘက်၊ နောက်တစ်ကြောင်းကတော့ ရွှေကူ–ဗန်းမော်ကြား ဇင်းဘုံဘက်ကို တက်လာတာ။ ဒီဘက် (KIA ပူးပေါင်းတပ်) က အဆင်သင့်စောင့်ပြီး ကြားဖြတ်တိုက်လိုက်တော့ လမ်းတစ်ဝက်ကနေပဲ ပြန်ခေါက်သွားကြတယ်။ စစ်ကြောင်းနှစ်ခုစလုံး ရွှေကူဘက်ကို ပြန်ဝင်သွားကြတယ်” လို့ သူက ပြောပါတယ်။
စစ်ကြောင်းနှစ်ကြောင်းအနက် တစ်ကြောင်းဟာ ငဘတ်ကြီး အထိုင်တပ်စခန်းကနေ KIA ထိန်းချုပ်ထားတဲ့ ပလောင်တောင်နဲ့ ဇင်းဘုံရွာဘက်ကို တက်လာတာဖြစ်ပြီး ကျန်တစ်ကြောင်းကတော့ ရွှေကူမြို့ထဲကနေ ရွှေကူ–ငအိုးကားလမ်းပိုင်းရှိ ခတ်ခုံနဲ့ မန်နားလေးရွာဘက်ကို ထိုးစစ်ဆင်လာတာလို့ သိရပါတယ်။

ငဘတ်ကြီးဘက်ကနေ တက်လာတဲ့ စစ်ကြောင်းမှာ အင်အား ၅၀ ဝန်းကျင်သာ ပါဝင်ပြီး ပလောင်တောင်အတက် မရောက်ခင်မှာပဲ ပြန်ဆုတ်သွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အဲဒီနေရာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ နာရီဝက်ခန့် ကြာမြင့်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ရွှေကူ–ငအိုးကားလမ်းပိုင်း၊ ရွှေကူ–ဗန်းမော်ကားလမ်းပိုင်းနဲ့ ရွှေကူမြို့နယ်အတွင်း KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာနဲ့ လမ်းပိုင်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်နဲ့ ဩဂုတ်လဆန်းပိုင်းအထိ ထိုးစစ်ဆင်ခဲ့ပါတယ်။
ဒါပေမဲ့ KIA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခုခံခဲ့တာကြောင့် စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေ ရှေ့မတိုးနိုင်ဘဲ ဩဂုတ်လအတွင်း စစ်ကြောင်းအားလုံး ရွှေကူမြို့ထဲကို ပြန်ဆုတ်သွားခဲ့ပါတယ်။
အဲဒီနောက် နိုဝင်ဘာ ၁၀ ရက်မှာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထပ်မံထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က ပြီးခဲ့တဲ့လတွေအတွင်း ရွှေကူမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြိုင်သာ၊ ပန်းတင်၊ လမ်းကူး၊ တော်လှန်၊ ရွှေဘုန်းမြင့်၊ ခတ်ခုံ၊ မန်နား၊ ဝင်ဝနဲ့ စီသာ စတဲ့ကျေးရွာတွေမှာ လူနေအိမ်တွေ၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ အများအပြား ထိခိုက်ပျက်စီးခဲ့သလို အရပ်သားတွေလည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေကူမြို့နယ်ဟာ ကချင်ပြည်နယ်တောင်ပိုင်းနဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ နယ်မြေဖြစ်သလို ဗန်းမော်မြို့ဘက်ကို ကုန်းလမ်း၊ ရေလမ်းကနေ စစ်ကူနဲ့ ရိက္ခာပို့ဆောင်နိုင်တဲ့ လမ်းကြောင်းပေါ်မှာလည်း ရှိပါတယ်။
ဒါကြောင့် ရွှေကူမြို့နယ်အတွင်းက လမ်းဆုံတွေ၊ ဧရာဝတီမြစ်ကြောင်းနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကို ထိန်းချုပ်နိုင်ရေးဟာ ဗန်းမော်ဘက် စစ်ရေးလှုပ်ရှားမှုအတွက် အရေးပါတဲ့အတွက် နှစ်ဖက်တပ်တွေကြား လမ်းကြောင်းထိန်းချုပ်နိုင်ရေး တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
By – Zaw Zaw




