သတင်း

ကချင်မှာ ဖုန်းအင်တာနက်လိုင်းဖြတ်ထားတဲ့အတွက်  ပြည်ပမှာကျောင်းတက်နေသူတွေငွေကြေးခက်ခဲမှုကြုံနေရ

ကချင်ပြည်နယ်တစ်ခုလုံး ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့အတွက် အိမ်ကထောက်ပံ့ငွေနဲ့ ပြည်ပမှာကျောင်းတက်နေတဲ့ ကချင်ပြည်နယ်က ကျောင်းသား၊သူတွေ ငွေကြေးခက်ခဲနေကြတယ်လို့ သိရပါတယ်။

ဇူလိုင်လ၂၁ရက်နေ့စပြီး ကချင်ပြည်နယ်တစ်ပြည်နယ် ဖုန်းနဲ့အင်တာနက်၊ဝိုင်ဖိုင်လိုင်းတွေ စတင်ပြတ်တောက်နေတာ ခုဆိုရင်နှစ်ပတ်ကျော်လာပြီး တစ်ဖက်မှာ အိမ်ကထောက်ပံ့ငွေနဲ့နိုင်ငံခြားမှာကျောင်းတက်နေတဲ့ ကချင်ပြည်နယ်က ကျောင်းသား၊သူတွေဟာ အိမ်နဲ့အဆက်အသွယ်ပြတ်ပြီး ငွေကြေးဆိုင်ရာအခက်အခဲတွေကြုံတွေ့နေရတယ်လို့ မြစ်ကြီးနားကနေ ချင်းမိုင်မှာကျောင်းတက်နေတဲ့ ကျောင်းသားတစ်ဦးက ခုလိုပြောပါတယ်။ 

လိုင်းပြတ်တာက အချိန်အကြာကြီးဖြစ်နေအုံးမယ်ဆိုရင်တော့ ကျောင်းစရိတ်ထည့်ရမဲ့အချိန်မှာ မထည့်နိုင်ရင်တော့ ကျောင်းတွေထွက်လိုက်မယ့်အခြေအနေတွေရှိတာပေါ့လို့ ပြောပါတယ်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်သွားတဲ့နောက် ကချင်ပြည်နယ်မှာ Mobile Banking နဲ့ Kpay ဝန်ဆောင်မှုတွေအားလုံးရပ်တန့်သွားတာကြောင့်  အိမ်နဲ့အဆက်သွယ်ပြတ်တောက်သွားတဲ့ကျောင်းသား၊သူများများစွာရှိနေပြီး ကျောင်းစရိတ်၊စားနပ်ရိက္ခာအတွက် ငွေကြေးအခက်ကြုံနေကြတာလည်းဖြစ်ပါတယ်။

အလားတူ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ စီးပွားရေးမေဂျာမှာတက်နေတဲ့ကျောင်းသားတစ်ဦးကလည်း အင်တာနက်လိုင်းပြတ်တောက်မှုကြောင့် အိမ်ငှားခနဲ့အစားအသောက်စရိတ်တွေပေးဖို့ အခက်တွေ့နေတယ်ဆိုပြီး ခုလိုပြောပါတယ်။

ကျွန်တော်က ငွေလွဲတဲ့ချိန် Kpayနဲ့ဘဲလွဲတာဆိုတော့ အင်တာနက်လိုင်းမရတဲ့အချိန်ဒုက္ခရောက်နေတာပေါ့ ခုလည်းဒီလကုန်ရင်ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး ကျောင်းစရိတ်က ပထမနှစ်ဝက်အတွက်သွင်းထားပြီဖြစ်ပေမယ့် အိမ်လခနဲ့စားစရိတ်က ဒီတစ်လအတွက်ဘဲရှိတော့တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားမှာ အိမ်ကထောက်ပံ့မှုနဲ့ကျောင်းတက်နေရတဲ့ ကချင်ပြည်နယ်သား၊သူတွေဟာ ငွေကြေးပြဿနာတွေ ကြုံတွေ့နေရကြောင့် ကျောင်းဆက်တက်နိုင်ဖို့ အချိန်ပိုင်းအလုပ်တွေလုပ်နေတဲ့သူတွေရှိသလို ပညာသင်ဆုတွေရအောင် ကြိုးစားပြင်ဆင်နေသူတွေလည်းရှိနေပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်တစ်ခုလုံး စစ်ရေးပြင်းထန်လာတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် အိမ်ကငွေကြေးထောက်ပံ့မှုတွေလည်း ရပ်တန့်သွားမှာကို စိုးရိမ်နေကြတဲ့သူတွေကတော့ ကျောင်းထွက်ပြီး အလုပ်လုပ်ဖို့ကိုပြင်ဆင်နေတဲ့သူတွေလည် ရှိနေပါတယ်။ 

ဇူလိုင်လ ၂၉ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တချို့နေရာတွေမှာ MPTဖုန်းလိုင်းတွေရနေပေမယ့် အကန့်အသတ်တွေရှိနေတဲ့အတွက် ဖုန်းဆက်ရဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

ဖုန်းအင်တာနက်လိုင်းပြတ်တောက်မှုနဲ့ပက်သက်ပြီး KNG သတင်းဌာနကနေပြီးတော့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို ဇူလိုင်လ ၃၁ရက်နေ့မှာ မေးမြန်းကြည့်ရာ စစ်ကိုင်းတိုင်းဘက်မှာ Cable ကေပယ်ကြိုးတွေပျက်နေပြီး မပြုပြင်ရသေးတဲ့အတွက် ပြတ်တောက်ရတာဖြစ်တယ်လို့ဆိုပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ဟာ မကြာခနဖုန်းလိုင်းဖြတ်တောက်ခံထားရပြီး ဒီတစ်ကြိမ်ဖုန်းလိုင်းပြတ်တောက်မှုဟာ စစ်ရေးအခြေနေပေါ်မှုတည်နိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ချို့က သုံးသပ်ပြောဆိုနေကြပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံရမှု ဒုတိယ  အဆိုးဆုံး နိုင်ငံဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ၂၀၂၃ အောက်တိုဘာလက ထုတ်ပြန်တဲ့ Freedom on the Net ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

အလားတူ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ လူတိုင်း လွတ်လပ်စွာ ယူဆနိုင်ခွင့်နှင့်လွတ်လပ်စွာ ဖွင့်ဟပြောဆိုပိုင်ခွင့်ရှိသည်။အဆိုပါအခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နယ်နမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနဲ့သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာပါဝင်ဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ဝေငှဖြန့်ချီနိုင်ခွင့်တို့ပါဝင်ပါတယ်။

By – Hope

Show More

Related Articles

Back to top button