ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်က လေကြောင်းအသုံးပြုပြီး စစ်အင်အားဖြည့်နေတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။
ဩဂုတ်လ ၁၅ ရက်နေ့ လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။
“ရဟတ်ယာဉ် နှစ်စီး ဖားကန့်ဗျူဟာကုန်းမှာ လူလာချတယ် တစ်စီးပဲဆင်းလူချတယ်။ တစ်စီးက အပေါ်က ကင်းစောင့်ပါတ်ဝဲနေတာ။အဲဒါကို KPDF တွေက လက်နက်ငယ်တွေနဲ့လှမ်းပစ်တယ်။ဒါပေမယ့် သူတို့က ပြန်ပစ်တာမရှိဘူး လေယာဉ်ထွက်သွားမှ ဗျူဟာကုန်းကနေ မြို့ထဲ ရွာထဲဘက်ကို လက်နက်ကြီးနဲ့လှမ်းထုတော့တာပဲ”လို့ ပြောပါတယ်။
ဖားကန့်ဗျူဟာကုန်းမှာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး တစ်ရက်မှာတစ်ကြိမ် စစ်ရဟတ်ယာဉ်နဲ့ အင်အား ၃၀ ဝန်းကျင် နေ့တိုင်းလာရောက်ပို့ဆောင်နေတယ်လို့ သိရပါတယ်။
စစ်အင်အားချတဲ့ ရဟတ်ယာဉ်ပြန်ထွက်သွားပြီးနောက် စစ်ကောင်စီတပ် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ သုံးချက်ထက်မနည်းဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ရေမဆေးကျောက်ရှာတဲ့အရပ်သားတစ်ဦးနဲ့ ဆိုင်းတောင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“တစ်ချို့ထိမိတယ်၊ ရေမဆေးရှာနေတဲ့ အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး ဖားကန့်ဆေးရုံရောက်တယ်လို့ သိရတယ်ဗျ။ တခြားထိတာရှိနိုင်သေးတယ် ခုက ဖုန်း၊အင်တာနက်လိုင်းတွေ မရကြတော့ သတင်းသိရတာနောက်ကျတယ်“လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ထပ်ပြောပါတယ်။
ဖားကန့်မြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား မြို့တွင်း ၊ မြို့ပြင် မကြာခန ပစ်ခတ်တာ လက်နက်ကိုင်နှစ်ဖွဲ့တပ်အကြား အပြန်အလှန်ပစ်ခတ်ဖမ်းဆီးတာတွေ အများဆုံးဖြစ်တဲ့နေရာတဲ့အပြင် စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်တာတွေကြောင့် မြို့တွင်းသွားလာလှုပ်ရှားတာတွေမရှိဘဲ တပ်တွင်းမှာသာနေထိုင်ကြတာဖြစ်ပါတယ်။
ဒါပေမယ့် ဩဂုတ်လ ၂၃ ရက်နေ့ နောက်ပိုင်း အင်အား ၅ ဦး၊ ၁၀ ဦး အစုအဖွဲ့လိုက် စျေးဝယ်ထွက်တာတွေ ရှိလာတယ်လို့လည်း ဖားကန့်ပြည်သူတွေက ပြောပါတယ်။
ဖားကန့်မှာ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစပြီး မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။
ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတာကြောင့် ဖားကန့်ပြည်သူတွေဟာ တစ်နာရီကို ကျပ် တစ်သောင်း၊နှစ်သောင်း၊သုံးသောင်းပေးပြီး အင်တာနက်သုံးနေကြတာလည်းဖြစ်ပါတယ်။
By – Zami