လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်လိုက်ပါတယ်။

သေဆုံးမှုဖြစ်စဥ်တွေဟာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေ အပါအဝင် မတရား သတ်ဖြတ်တာ၊ မြေမြုပ်မိုင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြောင့် သေဆုံးခဲ့ကြရတာလို့ ထုတ်ပြန်ချက်ထဲဖော်ပြထား ပါတယ်။

ဒါ့အပြင် ကိုးကန့်တပ် MNDAA ဘက်ကလည်း အမျိုးသမီးတစ်ဦးကို သေဒဏ်ပေးခဲ့တဲ့ဖြစ်စဥ်တွေလည်း ပါဝင်ပြီး တစ်ခြားသော လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ကျူးလွန်မှုတွေလည်းရှိနိုင်တယ်လို့ BWU အထွေထွေ အတွင်းရေးမှူး ၂ မယဥ်မျိုးလှိုင် က ဆိုပါတယ်။

ဘယ်လိုမျိုး အစုအဖွဲ့တွေလဲဆိုတာ ပြောဖို့ခက်နေသေးတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ အစုအဖွဲ့တွေရဲ့ အကြမ်းဖက်မှု တွေက အချက်အလက်ရယူမှုတော့ လက်လှမ်းယူမှု အားနည်းနေသေးတယ်လို့ပြောလို့ရတာ ပေါ့နော်။ အပေါ်ယံသုံး သပ်မယ်ဆိုရင်တော့ ဒီလိုအစုအဖွဲ့တွေ ပါနေတာတွေ့ရတယ်။ ဒါပေမဲ့လည်း ကျမတို့ လက်လှမ်း မမှီတဲ့နေရာတွေမှာ တစ်ခြားအစုအဖွဲ့တွေက ကျူးလွန်တာတွေလည်း ရှိကောင်းရှိနိုင်သေးတယ် လို့ ပြောပါတယ်။

အခုလို အမျိုးသမီးတွေ သေဆုံးမှုနှုန်း တိုးမြှင့်လာတာဟာ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ အရပ်သားတွေကို စစ်ပွဲထဲအသုံးချတာ၊ နိုင်ငံရေးအခြေနေအရ အမျိုးသားတွေဟာ တော်လှန်ရေးထဲပါဝင်ကြတာ၊ စစ်မှုထမ်း ဥပဒေကြောင့် ရှောင်သိမ်းရတဲ့အခြေနေတွေမှာ အမျိုးသမီးနဲ့ကလေးငယ်တွေဟာကျန်ရစ်ခဲ့ကြတာကြောင့် လို့ အထွေထွေ အတွင်းရေးမှူး ၂ က ဆက်ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်းသေဆုံးခဲ့သူအမျိုးသမီးတွေထဲ အသက် ၂၅ နှစ်နဲ့အထက်လူလတ်ပိုင်းအရွယ်၊ သက်ကြီးပိုင်းအရွယ်တွေက အများဆုံးဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်ရဲ့သေဆုံးမှုဖြစ်စဥ်တွေနဲ့စစ်တပ်ကအာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ် တစ်နှစ်ချင်းကိုနှိုင်းယှဥ် ကြည့်ရင် သေဆုံးမှုတွေက ပိုတိုးလာတယ်လို့ BWU က ပြောပါတယ်။

ကျမတို့အရင်နှစ်တွေထဲနဲ့နှိုင်းယှဥ်ကြည့်ရင် ပထမဆုံးအချက်အနေနဲ့ သေဆုံးမှုကလျော့မသွားတဲ့အပြင် တိုးလာတယ်။ နောက်တစ်ခုက ဒီနှစ်ထဲမှာဆိုရင် လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကပိုများလာတယ်။ အဲ့လိုမျိုးထဲမှာ အမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ပဋိပက္ခတွေကြားထဲမှာ ခံရတာကိုတွေ့ရတယ်” အထွေထွေအတွင်းရေးမှူး ၂ မယဥ်မျိုးလှိုင်က ပြောပါတယ်။

နိုင်ငံတစ်ဝှမ်း သေဆုံးခဲ့ရတဲ့ ၄၇၈ ဦးထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားနေထိုင်တဲ့နေရာတွေကို လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ၃၉၉ ဦးအထိ သေဆုံးခဲ့ရပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့် ၆ဦး၊ မတရားသတ်ဖြတ်မှုကြောင့် ၆၆ ဦး နဲ့ မြေမြုပ်မိုင်းကြောင်း ၇ ဦးသေဆုံးခဲ့ရပြီး ကိုးကန့်တပ် MNDAA က အမျိုးသမီး တစ်ဦးကို သေဒဏ်ပေးခဲ့ရမှုတွေပါဝင်တယ်လို့ ဆိုပါတယ်။

သေဆုံးသူဦးရေဟာ စစ်ကိုင်းတိုင်းက ၁၀၉ ဦး၊ ရှမ်းပြည်နယ်က ၉၂ ဦး၊ ရခိုင်ပြည်နယ်က ၈၃ ဦး၊ မန္တလေးတိုင်းက ၆၇ ဦးနဲ့ စစ်ကိုင်းတိုင်းကသေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး ကချင်ပြည်နယ်ကတော့ ၈ ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။

ဒီထုတ်ပြန်ချက်ကို မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ဇန်နဝါရီလ ၂၀ ရက်နေ့ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ ဒီထုတ်ပြန်တဲ့အချက်အလက်တွေဟာ သတင်းမီဒီယာ အချက်အလက်တွေနဲ့ မြေပြင်ကရရှိတဲ့အချက်အလက်တွေကို စုဆောင်းမှတ်တမ်းတင်ထားတာလို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button