သတင်း

ဗန်းမော် ခလရ ၄၇ နဲ့ စကခ(၂၁) နှစ်ခုစလုံးကို KIA ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်နေဆဲ

ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ စစ်ကောင်စီတပ်ရှိတဲ့ ခလရ ၄၇ တပ်ရင်းနဲ့ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် (စကခ ၂၁ ) နှစ်ခုစလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဝိုင်းရံပိတ်ဆို့ထားပြီး နှစ်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လိို့သိရပါတယ်။

KIA ဘက်ကနေ တပ်ရင်းနှစ်ခုစလုံးကို ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

စစ်ရေးအခြေအနေကတော့ နှစ်စလုံးအပြန်အလှန်စောင့်ကြည့်နေပြီး ပစ်ခတ်နေတဲ့ သဘောမှာရှိနေတယ်။ နေ့တိုင်း ပြင်းပြင်းထန်ထန် ပစ်ခတ်ကြတာမျိုးတော့မရှိဘူး။ စစ်ကောင်စီတပ်သားတွေက ခလရ ၄၇ နဲ့ စကခ ၂၁ စခန်းအထဲမှာ ရှိနေကြတယ်။ အပြင်ဘက်မှာက KIA တပ်တွေ ဝိုင်းရံထားတယ်။ အဓိကတော့ KIA ဘက်ကနေ စခန်းထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို အစားအသောက်တွေကအစ ဖြတ်ထားပေးတယ်လို့ ပြောလို့ရမယ်။ စစ်ရိက္ခာတွေကို လေကြောင်းနဲ့ လာပို့ပေးရုံကလွဲရင် တခြားနည်းလမ်းတော့ မရှိတော့ဘူး။ အဲ့ကြောင့် KIA ဘက်ကလည်း ပိတ်ဆို့ထားတဲ့သဘောပါလို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေရှိတဲ့ တပ်ရင်း နှစ်ခုစလုံး ဝိုင်းရံပိတ်ဆို့ ခံထားရတာ နှစ်ပတ်လောက်ကြာမြင့်လာပြီး စစ်ကောင်စီဘက်ကလည်း KIA တပ်တွေ ပိတ်ဆို့ထားတဲ့ ကြားကနေ ဒရုန်း၊ လက်နက်ကြီးတွေ တန်ပြန်ပစ်ခတ်နေတဲ့အတွက် အပြန်အလှန်တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီဘက်ကနေ တပ်ရင်း နှစ်ခု လက်မလွတ်ရေးအတွက် KIA တပ်တွေရှိတဲ့ဘက်ကို နေ့တိုင်းလိုလို ပြင်းပြင်းထန်ထန် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် KIA ပူးပေါင်းတပ်တွေ ဝင်ရောက်ဖို့ ခက်ခဲနေသေးတာဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေကပြောပါတယ်။

လက်ရှိ ဗန်းမော်မြို့ထဲမှာရှိတဲ့ စစ်ကောင်စီတပ်အားလုံးဟာ ဇန်နဝါရီလ ၈ ရက်နေ့ မံစီမြို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ဗန်းမော် ခလရ ၄၇ နဲ့ စကခ ၂၁ တပ်ရင်းထဲမှာ ဝင်ရောက်ပုန်းရှောင်နေကြတာဖြစ်ပါတယ်။

ဗန်းမော်ဒေသခံတစ်ချို့ရဲ့ ပြောဆိုချက်အရ ခလရ ၄၇ နဲ့ စကခ ၂၁ တပ်ရင်း နှစ်ခုမှာ စစ်ကောင်စီတပ်သားတွေအပြင် အုပ်ချုပ်ရေးဆိုင်ရာ အကြီးပိုင်း ဝန်းထမ်းတစ်ချို့ကလည်း စစ်ကောင်စီတပ်သားတွေနဲ့အတူ သွားရောက်ပုန်းရှောင်နေကြတယ်လို့ ဗန်းမော်ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။

သူတို့နဲ့ ဆိုင်တဲ့အပေါင်းအပါ တွေကိုပါ အဲထဲကို ခေါ်ယူထားတဲ့သဘောလို့ပြောရမယ်။ တစ်ချို့ဝန်ထမ်းတွေက ထွက်ပြေးတိမ်းရှောင်သွားတဲ့ သူတွေလည်းရှိပါတယ်။ အဓိကတော့ အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့ အရာရှိတွေ၊ သူတို့ကို ယုံကြည်အားထားရတဲ့ သူတွေပါပဲ။ အဲလိုပဲ စစ်တပ်ထဲမှာရှိနေတဲ့ သူတွေ အကြောင်းကြားလိုက်ပြီဆိုရင် လေကြောင်းက ဆက်တိုက်လာပစ်တယ်။ သေနတ်သံနည်းနည်းထွက်လာတာနဲ့ လေယာဉ်က လာပြီ။ အဲ့ဒါကြောင့် KIA ဘက်ကလည်း သိပ်လှုပ်ရှားလို့မရတဲ့ အခြေအနေပြောရမှာပေါ့လို့ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေရဲ့ ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ခံနေရတာကြောင့် ခလရ ၄၇ နဲ့ စကခ ၂၁ တပ်ရင်း နှစ်ခုမှာ စစ်ကောင်စီတပ်တွေနဲ့အတူ ရှိနေတဲ့ ဝန်းထမ်းတစ်ချို့ဟာ အစာပြတ်တောက်နေတာ တစ်ပတ်ခန့် ရှိလာပြီလို့လည်း KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေ တစ်ရက်ကို မနက်၊ ည ပုံမှန် လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးကဗန်းမော်က နေ့တိုင်းလိုလို တိုက်ပွဲဖြစ်တယ်လို့ ပြောလို့ရမယ်။ စစ်တပ်ကလည်း နေ့၊ ည အဆက်မပြတ် လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ ဒီမနက်လည်း အစောကြီးလာပစ်တယ်။ မနေ့ညလည်း လာပစ်တယ် ပုံမှန်ပါပဲလို့ပြောပါတယ်။

အခုလို စစ်ကောင်စီဘက်ကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် မြို့တွင်းရပ်ကွက်က အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ နေ့စဉ်ပျက်စီးဆုံးရှုံးတာတွေ ပုံမှန်ဖြစ်နေပြီး ဗန်းမော်တိုက်ပွဲ ဖြစ်ပွားတဲ့ တစ်လဝန်းကျင်ခန့်အကြာမှာ အပြစ်မဲ့ပြည်သူ သေဆုံးသူ ၁၅၀ ခန့်ရှိလာပြီလို့ ဗန်းမော်ဒေသခံပြောပါတယ်။

ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၀၂၅ နှစ်ဆန်းပိုင်းမှာ တစ်ကြော့ပြန် ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့မှာတော့ ဗန်းမော်မြို့နဲ့အတူ တပြိုင်နက် တိုက်ခိုက်ခဲ့တဲ့ မံမြို့တစ်ခုလုံးကို KIA တပ်တွေ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button