မြစ်ကြီးနား-မန္တလေး ခရီးသွားမှန်လုံကားတစ်ချို့ တောလမ်းအသုံးပြု ပြေးဆွဲနေ

မြစ်ကြီးနား–မန္တလေး ခရီးသွားမှန်လုံကားတစ်ချို့ တောလမ်းအသုံးပြုပြီး ပုံမှန်ပြေးဆွဲနေတယ်လို့ ကားသမားတွေ ပြောပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လက စလို့ အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် မြစ်ကြီးနား–မန္တလေး လမ်းပိုင်းကို ကာကွယ်ရေးတပ် တွေဘက်က ပိတ်ထားခဲ့ပြီးနောက် ကားသေးတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့အင်းတော်မြို့ကို ရှောင်ပြီး တောလမ်းကနေ ပြေးဆွဲနေခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တောလမ်းပိုင်း ဆိုးဝါးလွန်းတဲ့အတွက် ခရီးသည်တင်ယာဥ်မှန်လုံကားတွေဟာ မပြေးဆွဲနိုင်ဘဲ ပွင့်လင်းရာသီ ရောက်မှသာ ပြန်လည်ပြေးဆွဲနေကြတာဖြစ်ပြီး ကားအနာခံပြေးဆွဲနေကြတာလို့ မြစ်ကြီးနား–မန္တလေး ကားသမားတစ်ဦး ကပြောပါတယ်။
“express တွေက ကားတွေကိုအနာခံပြီးတော့ တစ်ချို့ကားတွေကတော့ပြန်သွားနေတယ်။ လမ်းအရမ်းဆိုးတာပေါ့လေ ပုံမှန်လမ်းမဟုတ်ဘူး။ ကွင်းသွားရတာဆိုတော့။ express တွေက ကားရှေ့အောက်က အကာတွေတိုက်တယ် အဲ့လိုနဲ့သွား နေတာပေါ့။ ကားရှေ့အောက်ကအကာတွေဆိုဖြုတ်ပြီးသွားရတာပေါ့” လို့ ပြောပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲ မဖြစ်ပွားခင်ကာလအတွင်း မြစ်ကြီးနား–မန္တလေး ကားလက်မှတ်ဈေးနှုန်းမှာ ခရီးသွားတစ်ဦးကို ကျပ် ၃၅၀၀၀ ကနေ ကျပ် ၅၀၀၀၀ အထိသာရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလကစလို့ နိုင်ငံတစ်ဝှမ်းစက်သုံးဆီ ဈေးနှုန်းမြင့် တက်တာ၊ လမ်းပိုင်းသွားလာခွင့်ကန့်သတ်တာနဲ့ သွားလာရတဲ့လမ်းပိုင်းဆိုးရွားလာတာကြောင့် ခရီးသည်တစ်ဦးကို ကျပ် ၁ သိန်းခွဲအထိ ဈေးမြင့်တက်သွားပြီလို့ သိရပါတယ်။
“အရင်ဈေးနှုန်းနဲ့ကတော့ အရမ်းကွာပါတယ်။ အရင်က ခရီးသည်တစ်ယောက်ကို ၃သောင်းခွဲ ၄ သောင်းပဲရတာ။ ခေတ်ကောင်း တုန်းကရယ် အင်းတော်လမ်းလည်းကောင်းတုန်းကပေါ့။ အင်းတော်လမ်းပိတ်လိုက်တဲ့နောက်ပိုင်းတော့ ၁သိန်း ၃ သောင်း ၁သိန်း ၅ သောင်းလောက်ထိရှိတာပေါ့”လို့ အထက်ပါ ကားသမားက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ အင်းတော်မြို့အတွင်း တိုက်ပွဲ ဖော်ဆောင်နေခဲ့တာဖြစ်ပါတယ်။
မြစ်ကြီးနား–မန္တလေးလမ်းပိုင်းအတွင်း ကာကွယ်ရေး ပူးပေါင်းတပ်တွေဟာ မော်လူးမြို့ကနေ ထီးချိုင့်မြို့နယ် ကျောင်းကုန်း လမ်းဆုံ အထိအသုံးပြုခွင့် ပိတ်ထားတာဖြစ်ပြီး တစ်ခါတစ်ရံတိုက်ပွဲဖြစ်ရင် တောလမ်းပါအသုံးပြုခွင့် မပေးဘဲ လမ်းပပိတ်တာ မျိုးတွေရှိတယ်လို့ သိရပါတယ်။
KIA ပူးပေါင်းတပ်တွေဟာ အင်းတော်မြို့နေရာအများအပြားကို ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ဘက်က ဒေသအခေါ် ဂျပန်လှိုဏ်ဂူနဲ့ မြို့မဘုန်းကြီးကျောင်းတစ်ဝှိုက်တို့ကို ထိန်းချုပ် အထိုင်ချထားတယ်လို့ စစ်ရေးသတင်းရင်း မြစ်တွေက ဆိုကြပါတယ်။
တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ဘေးလွှတ်ရာတွေမှာ စစ်ဘေးရှောင်နေရတဲ့ အင်းတော်မြို့ခံ ပြည်သူ၊ မြို့နဲ့ နီးတဲ့ကျေးရွာတွေထဲက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။
အင်းတော်မြို့သိမ်း တိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ပူးပေါင်း တပ်တွေ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အင်းတော်မြို့နယ်ဟာ ကချင်ပြည်နယ်နယ်စပ်မှာရှိပြီး မန္တလေး– မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်မှာ တည်ရှိပါတယ်။