သတင်း

ပူတာအို-ခေါင်လန်ဖူး ကားလမ်းကို ရီဒမ်းဂိတ်ကနေ ပိတ်ထား

ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ ပူတာအိုခေါင်လန်ဖူး ကားလမ်းပိုင်းကို ရီဒမ်းဂိတ်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

ပူတာအိုခေါင်လန်ဖူး ကားလမ်းပိုင်းကို ရီဒမ်း ကြိုးတံတားဂိတ်ကနေ ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကတည်းက ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာဖြစ်တယ်လို့ ပူတာအိုနောင်မွန်းခေါင်လန်ဖူးလမ်းပိုင်းမှာ ကုန်ကားမောင်နေတဲ့ ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။

နောင်မွန်းကတော့တက်လို့ရတယ် ခေါင်လန်ဖူးကတော့ လုံးဝမရဘူး အောက်ပိုင်းကတက်လာတဲ့သူတွေကော ဒီပူတာအိုဒေသခံတွေဆိုရင်တောင်တက်လို့မရဘူး လုံးဝပိတ်ထားတယ်။ ရီဒမ်းဂိတ်ကနေ ပြန်ခေါက်ခိုင်းတယ်လို့ အသက် ၃၅ နှစ်အရွယ် ကားသမားတစ်ဦးက ပြောပါတယ်။

ရီဒမ်းကြိုးတံတားဂိတ်ဟာ ခေါင်လန်ဖူးမြို့နယ်အဝင်မှာ ရှိတာဖြစ်ပြီး ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်တွေ ပူးပေါင်းဂိတ်ထိုင်တာလို့ သိရပါတယ်။

ပူတာအိုမြို့ကနေ တက်သွားရင် မိုင် ၅၀ ကျော်အကွာမှာ ကဆန်ချောင်းကူးတံတားဂိတ်ဖြစ်တဲ့ မဂွေဇဂိတ်ရှိတာဖြစ်ပြီးအဲ့ဒီ မဂွေဇဂိတ်ကနေ လက်ယာဘက်ကို နောင်မွန်းလမ်းခွဲ၊လက်ဝဲ ဘက်ကိုခေါင်လန်ဖူးလမ်းခွဲ သွားတာဖြစ်ပါတယ်။

မဂွေဇဂိတ်အထိပဲသွားလို့ရတယ်။ မဂွေဇကနေနောင်မွန်းဘက်ရတယ် ခေါင်လန်ဖူးဘက်ကိုရင်တော့ ဇရီဒမ်းအထိပေါ့ မဂွေဇကနေရီဒမ်းအထိတော့သွားသွားလာလာရတယ်။ ရီဒမ်းဟိုဘက်ပဲမရတာလို့ ကားသမားက ဆက်ပြောပါတယ်။

ကားသမားတွေ သုံးသပ်ချက်အရ ရီဒမ်းဂိတ်မှာ အခုလိုဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဖြစ်ပွားခဲ့တဲ့ ခေါင်လန်ဖူးနယ်ထဲကဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ လာဟူဆယ် မဆုတ်တမ်းခံစစ်စခန်းသိမ်းခံလိုက်ရတာကြောင့် နယ်မြေလုံခြုံရေးအရ အသွားအလာပိတ်တာလို့ ဆိုပါတယ်။

ခေါင်လန်ဖူးဘက်ကို ခရီးသွားလာမှု ပိတ်ပင်ထားတဲ့ နည်းတူ ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းမှာလည်း ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းက စလို့ လူငယ်တွေကို ခရီးသွားလာမှု တားမြစ်မှု၊ အိမ်ထောင်သည်တွေကိုလည်း ခရီးမသွားခင် ပူတာအိုမြို့ ၄၆ တပ်ထဲမှာ ခရီးသွားစာရင်းကြိုတင် ပေးရတယ်လို့ ဆိုပါတယ်။

ခေါင်လန်ဖူးမြို့နယ် နဲ့ နယ်နိမိတ်ချင်းလည်း ထိစပ်၊ ကုန်းလမ်းနဲ့လည်း ဆက်သွယ်ထားတဲ့ ဆော့လော်မြို့နယ်ထဲက လန်ဆယ်ကျေးရွာကို KIA ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က ပူတာအိုခရိုင်ထဲမှာ အခုလို အဝင်အထွက် တင်းကြပ်လာတာဖြစ်ပါတယ်။

ခေါင်လန်ဖူးမြို့နယ်မှာရှိတဲ့  စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ရဲ့ အင်အား ၁၀၀ ကျော်ရှိလာဟူဆယ် ပြည်သူ့စစ်စခန်းကို KIA ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ရက်နေ့မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button