သတင်း

အင်းတော်မြို့သိမ်း တိုက်ပွဲ ပြန်လည်ပြင်းထန်

စစ်ကိုင်း-ကချင်အစပ် အင်းတော်မြို့သိမ်းတိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ ပြောပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်အစောပိုင်းကစလို့ ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က အင်းတော်မြို့မှာ ကျန်နေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက “ဒီနေ့မနက်ပဲပြန်ဖြစ်တာ။ အခြေနေကပြန်စတာပဲသိရတယ်။ နောက် လေကြောင်းတွေလည်းလာတယ်ပေါ့။ အင်းတော် ကမြို့သိမ်းဆိုတော့ လေကြောင်းလာတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၁၆ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဟာ အင်းတော်မြို့အတွင်း တိုက်ပွဲတွေဆက်တိုက်ပြင်းထန်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းကစလို့ မကြာခဏထိတွေ့တိုက်ပွဲတွေ ဖြစ်နေ တာပါ။

KIA၊ PDF ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ မြို့သိမ်းတိုက်ပွဲစတင်ချိန်တည်းက အင်းတော်မြို့ရဲ့နေရာအတော်များများကို ထိန်းချုပ် ထားပြီးဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကတော့ ဒေသအခေါ် ဂျပန်လှိုဏ်ဂူနဲ့ မြို့မဘုန်းကြီးကျောင်းတစ်ဝှိုက်တို့ကိုထိန်းချုပ် အထိုင်ချထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ဒီကနေ့ ပြင်းထန်နေတဲ့တိုက်ပွဲကလည်း အဆိုပါစစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ ဒေသအခေါ် ဂျပန်လှိုဏ်ဂူနဲ့ မြို့မဘုန်း ကြီးကျောင်းတစ်ဝှိုက်မှာပဲလို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် ကာကွယ်ရေးတပ်ဘက်က ပြီးခဲ့တဲ့နှစ် ဩဂုတ်လကတည်းက မြစ်ကြီးနား-မန္တလေး ဗျူဟာလမ်းပိုင်းက မော်လူးမြို့ကနေ ထီးချိုင့်မြို့နယ် ကျောင်းကုန်းလမ်းဆုံအထိ သွားလာခွင့်ကိုပိတ်ဆို့ထားပြီး တောလမ်းကို သာ ပြည်သူတွေအသုံးပြုနေကြပါတယ်။

မြစ်ကြီးနား-မန္တလေးလမ်းပိုင်းအခြေနေကို ကားသမားတစ်ဦးပြောတာက “ကွင်းလမ်းကတော့ ကျနော်တို့တွေသွားနေတုန်းပါ။ မနေ့က မြစ်ကြီးနားကထွက်လာတဲ့ကားတွေကတော့ ဒီမနက်ပဲ မန္တလေး ရောက်တယ်။ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်လောက်ကတော့ လမ်းတွေပိတ်မယ်လို့ကြားသေးတယ်။ ဒါပေမဲ့လည်း ပုံမှန်အတိုင်း ကွင်းလမ်းကတော့သွားနေတာပါပဲ” လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီကနေ့ မနက်အင်းတော်မြို့သိမ်းတိုက်ပွဲစဖြစ်ချိန်ကစလို့ တစ်ခုတည်းသော တောလမ်းကလည်းပိတ်ထားပြီလို့ သတင်းတွေထွက်နေပြီး ဒီအခြေနေကို KNG က အတည်ပြုဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကိုတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA၊အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ပူးပေါင်း တပ်တွေတိုက်ခိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အင်းတော်မြို့နယ်ဟာ ကချင်ပြည်နယ်နယ်စပ်မှာရှိပြီး မန္တလေး– မြစ်ကြီးနားပြည်ထောင်စုလမ်းမပေါ်မှာ တည်ရှိပါတယ်။

တစ်ဖက်မှာ တိုက်ပွဲကြောင့်  ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ဘေးလွှတ်ရာတွေမှာ  စစ်ဘေးရှောင်နေရတဲ့ အင်းတော်မြို့ခံ ပြည်သူ၊  မြို့နဲ့ နီးတဲ့ကျေးရွာတွေထဲက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button