သတင်း

တရုတ် ငှက်ပျောကား များလာမှုကြောင့် ဒေသခံကားသမားတွေ အလုပ်အကိုင် ရှားပါးမှုဖြစ်လာ

ဝိုင်းမော်မြို့နယ် နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ငှက်ပျောကားတွေ ဝိုင်းမော်မြို့အနီးအထိ ဝင်ရောက်နေရာယူလာတဲ့အတွက် ဒေသခံငှက်ပျောကားတွေ အလုပ်အကိုင် ရှားပါးလာတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များ တရုတ် နယ်စပ် ကန်ပိုင်တီမြို့ကို သိမ်းပိုက် လိုက်ပြီးနောက် ဝိုင်းမော်မြို့ ငှက်ပျောခင်းတွေမှာ တရုတ်နိုင်ငံက ငှက်ပျောတင်ကား အများအပြား ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အရင်က ငှက်ပျောကားပြေးဆွဲနေတဲ့ ဒေသခံကားသမားတွေ အလုပ်အကိုင် ရှားပါးလာတယ်လို့ သိရပါတယ်။

ဒေသခံ ကားသမားတစ်ဦးကတရုတ်ကားတွေ အကုန်လုံးကို ပိတ်ပင်ဖို့ထိတောင် မမျှော်လင့်ပါဘူး ကျွန်တော်တို့ မျှော်လင့်တာက ကေအိုင်အေဘဲ ဖြစ်ဖြစ် သီးနှံတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေဖြစ်ဖြစ် ဆိုက်တစ်ခုခုမှာ ကားလိုနေရင် မြန်မာဘက်က ကား ၃ စီး တရုတ်ကား ၂ စီး၊ ဒီလိုဖြစ်ဖြစ် မျှပြီး စီစဉ်ပြီး လုပ်ပေးဖို့ ဘဲ တောင်းဆိုချင်ပါတယ်လို့ ဆိုပါတယ်။

ဒါအပြင် ငှက်ပျော် ကုမ္မဏီဘက်တွေဘက်က မြန်မာငှက်ပျော်ကားတွေကို ဝိုင်းမော်မြို့ကနေ ကန်ပိုင်တီနယ်စပ်အထိ သယ်ယူပို့ဆောင်ခ တရုတ်ယွမ် ၈ ထောင် ပေးပေမယ့်လည်း ကန်ပိုင်တီရောက်တဲ့အခါ တရုတ်ပြည်ဝင်ခွင့် မရှိတဲ့အတွက် ရှန်တိန်ကြေး (အငှားကားမောင်းခ) ယွမ် ၆၀၀ (ကျပ် ၃ သိန်းဝန်းကျင်ပြန်လည် ပေးဆောင်ရတာကြောင့် ကားခ ရတာချင်းအတူ မြန်မာကားသမားတွေအတွက် အမြတ်ငွေ ပိုနည်းနေတယ်လို့ ဆိုပါတယ်။

သီးနှံလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူပြောပြချက်အရ ပြီးခဲ့တဲ့ လတွေတုန်းက မြစ်ကြီးနားမန္တလေးလမ်း ပိတ်နေတဲ့ ကာလတွေမှာ ငှက်ပျော်သယ်မယ့်ကားတွေ ရောက်လာဖို့ ခဲယဉ်းတဲ့အတွက် ယာဉ်မလုံလောက်မှုဖြစ်ပြီး တရုတ်ငှက်ပျောကား တွေကို ခေါ်သွင်းရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် တချို့ကားသမားတွေအနေနဲ့ သတ်မှတ်ထားတဲ့အချိန်ထက် နောက်ကျရောက်လာတဲ့အတွက် ငှက်ပျော်သီးတွေ အချိန်လွန်ပြီး စားလို့ မသင့်တော်တော့တာမျိုးတွေအပြင်၊ ဆီနဲ့ကားဘီးခိုးရောင်းတဲ့ ကိစ္စမျိုးတွေကြောင့် ငှက်ပျောလုပ်ငန်းရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲလာတယ်လို့ ရပါတယ်။

ဒါကြောင့် ငှက်ပျောကုမ္မဏီတွေနဲ့ သီးနှံလုပ်ငန်းရှင်တွေ စာချုပ်ချုပ်ပြီး သီးနှံလုပ်ငန်းရှင်များအသင်းက တရုတ်ကားတွေကို အသုံးပြုလာတာလို့ သိရပါတယ်။

ကျွန်တော်တို့ ဘက်ကတော့ ဒေသခံကားသမားတွေကိုခေါ်ပါတယ် အလုပ်တွေလည်း ချိတ်ပေးတယ် ကိုယ့်ဆိုက်မှာ မရှိလို့ရှိရင် သူများဆိုက်မှာပြန် အလုပ်ချိတ်ပေးတယ်” လို့ ပြည်နယ်သီးနှံ လု်ငန်းရှင်များအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ယခင်နှစ်တွေတုန်းက ဒေသခံ ငှက်ပျောကားတွေအနေနဲ့  ဝိုင်းမော်မြို့ကနေ ကန်ပိုင်မြို့ကို တစ်နှစ်ကို အခေါက် ၃၀ ဝန်းကျင် ငှက်ပျောသီး ပုံမှန်သယ်ယူပို့ဆောင်နိုင်ကြတာဖြစ်ပေမယ့် လက်နက်ကိုင်တပ်တွေရဲ့ ဂိတ်ပေါင်းစုံဖြတ်သန်းရတဲ့အတွက် အသွားအပြန်လမ်းခရီး ၁ ပတ်ကနေ ၁၀ရက်လောက်အထိကြာမြင့်ပြီး လမ်းစရိတ်အနေနဲ့လည်း ပျှမ်းမျှအားဖြင့် ကျပ်သိန်း ၃၀ ဝန်းကျင် ကျတယ်လို့ သိရပါတယ်။

၂၀၂၄ နိုဝင်ဘာ ၂၀ ရက်နေ့ KIA ပူးပေါင်းတပ်များ ကန်ပိုင်တီမြို့ကို သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီဂိတ် နဲ့ ပြည်သူ့စစ်ဂိတ်တွေ မရှိတော့တဲ့အတွက် လမ်းခရီးကလည်း ၃ ရက်လောက်သာ ကြာမြင့်တော့သလို လမ်းစရိတ်ကလည်း ကျပ် ၃၀ ဝန်းကျင်လောက်ကနေ ၈ သိန်းဝန်းကျင်ထိ လျော့ကျလာတယ်လို့ သိရပါတယ်။

လမ်းစရိတ် သက်သာလာမေပယ့် ဒေသခံ ကားသမားတွေအတွက် သူတို့ လုပ်ကိုင်နေတဲ့ အလုပ်ဆိုက်တွေမှာ တရုတ် ငှက်ပျောကားတွေ နေရာယူသွားကြတဲ့အတွက် အလုပ်အကိုင် ရှားပါးမှု ပြဿနာကို ကြုံတွေ့နေကြတာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး KIA ဒေသတာဝန်ရှိသူတွေကို မေးမြန်းကြည့်ရာ ၎င်းတို့အနေနဲ့ တရုတ်လုပ်ငန်းရှင်တွေကို တရုတ်ကားသမားတွေကိုဘဲ အသုံးပြုတာမျိုး မဟုတ်ဘဲ မြန်မာကားတွေကိုလည်း ဦးစားပေးအသုံးပြုဖို့ ပြောဆိုခဲ့ပေမယ့် တရုတ်လုပ်ငန်းရှင်တွေက ကား မလုံလောက်တဲ့အတွက် အခုလို လုပ်ရတာ ဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

By – Hope

Show More

Related Articles

Back to top button