သတင်း

ရွှေကူ နဲ့ မံစီမြို့နယ် ကျေးရွာတွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင်ရှိ ရွှေကူမြို့နယ် နဲ့ မံစီမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲခဲ့တယ်လို့ သိရပါတယ်။

ရွှေကူမြို့ တစ်ဖက်ကမ်းမှာရှိတဲ့ သင်္ဘောအင်း ကျေးရွာ၊ ငဘတ်ဝရွာ၊ ကျွန်းတော်ရွာရှိ ကျွန်းတော်သောင်ဦးဆိပ်နဲ့ မြူရပ်သစ်ဆိပ် စတဲ့ လေးနေရာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ ရွှေကူ ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရှုံးမဲမဲပြီး ပြည်သူတွေရှိတဲ့နေရာကို သက်သက်မဲ့ကျဲသွားတာ အလုံး ၃၀ ကျော်တယ်။ Y-12 လေယာဥ်တစ်စီးထဲနဲ့ ပတ်ပြီးကျဲသွားတာ ပြည်သူတွေထိခိုက်တာရှိတယ် အသေးစိတ်ကတော့ ဖုန်းလိုင်းမရတော့မသိရသေးဘူးလို့ သူက ပြောပါတယ်။

အရပ်သားတွေရှိနေတဲ့ နေရာကို ပစ်မှတ်ထားပြီး ဗုံးကျဲသွားတာကြောင့် ပြည်သူ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရနိုင်ကြောင်း သုံးသပ်ပေမယ့် ဆက်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ်ကိုတော့ အတည်ပြုရန် ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ငဘတ်ဝ နဲ့ သင်္ဘောအင်းကတော့ရွာထဲကျဲသွားတာ ကျွန်းတော်သောင်ဦးနဲ့ မြူရပ်သစ်ကတော့ စက်လှေဆိပ်ပေါ့ လောလောဆယ်က အဲ့မှာရွှေမော်တော်တွေအများကြီးစိုက်ထားတယ် အဲ့မှာကျဲသွားတာလို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသားက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က ကျေးရွာတွင်းနဲ့ အရပ်သားတွေရှိနေတဲ့ စက်လှေဆိပ်နှစ်ခုကို ဗုံးကျဲသွားတာကြောင့် နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုကို အတည်ပြုနေဆဲ ဖြစ်ပါတယ်။

ရွှေကူမြို့နယ်ဟာ လက်ရှိ ဖုန်းဆက်သွယ်ရေးလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့မြို့နယ်လည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာလတ်တလော ရွှေကူမြို့ထဲမှာလည်း စစ်အင်အားသုံးပြီး မြို့အဝင်အထွက်နေရာတွေမှာဂိတ်ထိုင်ကာ အစစ်အဆေးတင်ကြပ်ထားကြောင်း သိရပါတယ်။

ဒါ့အပြင် မံစီမြို့နယ်၊ မံဝန်းကြီးဒေသ၊ ကောင်းမူယန် ကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၂၃ ရက်ညက လေယာဉ်နဲ့ ဗုံးကြဲခဲ့ပေမယ့် ထိခိုက်မှု အသေးစိတ်ကို မသိရသေးပါ။

ဗန်းမော်ခရိုင်ရှိ ရွှေကူမြို့နဲ့ ဗန်းမော်မြို့မှ အပ ကျန် မြိုနယ် ကျေးရွာအားလုံးနီးပါးနဲ့ ရှေ့တန်းစခန်းအားလုံးကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီးနောက် ဗန်းမော်မြို့မှာတော့ စကခ ၂၁ ကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button