သတင်း

KSCU တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်မှာ ကျောင်းသား ၂၀၀ နီးပါး ဘွဲ့ရယူ

ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ် KSCU ကျောင်းတတိယအကြိမ်မြောက် ဘွဲနှင်းသဘင်အခမ်းအနားကို လိုင်ဇာမြို့ မှာ ဖေဖော်ဝါရီလ ၂၂ ရက်‌နေ့က လုပ်ဆောင်ခဲ့တယ်လို့ KSCU ဒုတိယ အဓိပတိ ဒေါက်တာအောင်နိုင်သူက KNG ကို ပြောပါတယ်။

အခုနှစ် တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်ပွဲမှာ ဘွဲ့ယူမယ့် ကျောင်းသား/သူ  ၂၀၉ ဦး ရှိခဲ့ပေမယ့် တကယ်တမ်း ဘွဲ့တက်ရောက်ရယူသူ ၁၉၉ ဦးသာရှိခဲ့ပြီး အဝေးရောက်လျှောက်ထားသူ ၆ ဦးနဲ့ ဘွဲ့ရယူဖို့ လျှောက်လွှာ မတင်တဲ့သူ ၄ဦးထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ ဆေးကျောင်း ဘွဲ့ရရှိသူ ၁၂ဦး ၊ ဒဿနိကဗေဒ (Philosophy) ဘွဲ့လွန်ဒီပလိုမာ တက်ရောက်ရယူသူ ၃ဦး အဝေးရောက်လျှောက်ထားသူ ၁ ဦးနဲ့ လျှောက်လွှာ မတင်တဲ့သူ၃ဦးထိရှိတာ ဖြစ်ပြီး နေ့တက် အချိန်ပြည့် (Day) တက်တဲ့သူတွေ ထဲမှာတော့ သိပ္ပံတွဲ ၃ ဦးလုံး ဘွဲ့တက်ရောက်ယူခဲ့တယ်လို့ သိရပါတယ်။

အဝေးသင် ဝိဇ္ဇာတွဲမှာတော့ ဘွဲ့တက်ရောက်ရယူသူ‌ ၁၆၂ ဦး၊ အဝေးရောက်လျှောက်ထားသူ ၄ ဦးနဲ့ လျှောက်လွှာ မတင်သူ ၁ ဦး ရှိခဲ့ပြီး အဝေးသင် သိပ္ပံတွဲမှာကတော့ ဘွဲ့တက်ရောက် ရယူသူ ၉ဦး ထိ ရှိခဲ့တယ်လို့ ပြောပါတယ်။

KSCU သုံးနှစ်တာအတွင်း စိန်ခေါ်မှု အမျိုးမျိုး ကြုံ့တွေ့ခဲ့ရပေမယ့် ပထမနှစ်မှာ လူဦးရေ ၅၀ ကျော်၊ ဒုတိယနှစ် လူဦးရေ ၁၀၀ ကျော်၊ တတိယနှစ် လူဦးရေ ၂၀၀ကျော် စသဖြင့် ‌‌လူသားအရင်းအမြစ်တွေကို အောင်မြင်စွာ မွေးထုတ်နိုင်ခဲ့ပြီး တိုးတက်ပြောင်းလဲ မှုတွေကို မြင်တွေ့ ခဲ့ရတယ်လို့ KSCU ဒုတိယ အဓိပတိ ဒေါက်တာအောင်နိုင်သူက ခုလိုပြောပါတယ်။

ပြောချင်တာကတော့ KSCU မှာ ကျောင်းဆင်းသွားတဲ့သူတွေဟာ တကယ်တမ်းတော့ ပြည်နယ်ရဲ့လိုအပ်ချက်တွေအရ ပြောမယ်ဆိုရင် နယ်ပယ်အသီးသီးမှာ ဝင်ရမယ့် အင်အားတောင် မလောက်သေးပါဘူး။ ဒါကြောင့် စဉ်ဆက်မပြတ် မွေးထုတ်နေပါတယ်။ ဒါကြောင့် သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ အများကြီးပါ လို့ ဆိုပါတယ်။

ဘွဲ့ရပြီးနောက်လည်း ပညာဆက်လက် ဆည်းပူးချင်သူတွေအတွက် ဘွဲ့လွန် ဒီပလိုမာ အတန်းကို ပိုမိုဖွင့်လှစ်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University KSCU ကို KIO နဲ့ NUG အစိုးရ ပူးပေါင်းပြီး ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့ တည်ထောင်ကာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ  ၁၂ ရက်နေ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။  ၂၀၂၂ ပညာသင်နှစ်မှာ ဝိဇ္ဇာ သိပ္ပံ၊ ၂၀၂၃ ပညာသင်နှစ်မှာ School of Medical Sciences နှင့် School of Nursing Sciences၊ ၂၀၂၄ ပညာသင်နှစ်  School of Technology နှင့် School of Economic တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၅ ပညာသင်နှစ်မှာတော့ School of Agriculture စတဲ့ ကျောင်း ၆‌ ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့တာဘဲ ဖြစ်ပါတယ်။

၂၀၂၅ ဇန်နဝါရီလ ၁၅ရက်နေ့က ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် KSCU နဲ့ ဂျာမနီနိုင်ငံ Frankfurt မြို့က Goethe တက္ကသိုလ် တို့ကြား  ၅နှစ်သက်တမ်းရှိတဲ့ အပြန်အလှန် နားလည်မှု စာချွန်လွှာ MOU ရေးထိုးခဲ့ပါတယ်။

အခုနှစ် ဘွဲ့နှင်းသဘင်ပွဲမှာ KSCU တက္ကသိုလ် အဓိပတိ၊ ကချင်လွတ်လပ်ရေး ကောင်စီ ဒုဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် အပါအဝင် တက္ကသိုလ် ဆရာ/မများ၊ကျောင်းသူ/သားများနဲ့ ကျောင်းသားမိဘအားလုံးပေါင်း  လူဦးရေ ၇၀၀ နီး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button