အောင်လအင်ဆန် ပြိုင်ဘက်ဖြစ်တဲ့ တူရကီနိုင်ငံသားကို ပထမအချီမှာ ရှုံးနိမ့်

မြန်မာနိုင်ငံရဲ့ သိုင်းပေါင်းစုံ(MMA)ကစားသမားတစ်ဦးဖြစ်တဲ့ အောင်လအင်ဆန်ဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညမှာကျင်းပခဲ့တဲ့ One Championship 171 ပြိုင်ပွဲမှာ ပြိုင်ဘက်ဖြစ်တဲ့ တူရကီနိုင်ငံသား ရှမေးအာဒိုဂန်နဲ့ ထပ်မံထိုးသတ်တဲ့ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
One Championship ဝိတ်တန်းနှစ်ခုရဲ့ ချန်ပီယံဟောင်း အောင်လအင်ဆန်နဲ့ ရှမေးအာဒိုဂန်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလက ကျင်းပခဲ့တဲ့ One 168 အဖြစ်တွေ့ဆုံခဲ့ဖူးပြီး အဲဒီပွဲစဉ်မှာလည်း အောင်လအင်ဆန်က ဒုတိယအချီမှာ အလဲထိုးရှုံးနိမ့်ခဲ့ဖူးပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာတော့ One 171 ပြိုင်ပွဲအဖြစ် ကာတာနိုင်ငံ လူဆေလ် (lusail) မြို့မှာ ပြန်လည် ထိုးသတ်ခဲ့ကြ တာဖြစ်ပြီး ဒီပွဲမှာ အောင်လအင်ဆန်က တူရကီနိုင်ငံသားရဲ့ခြေကန်ချက်ကြောင့် ပထမအချီမှာတင် ဒုတိယအကြိမ်ထပ်မံ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။
အောင်လအင်ဆန်ဟာ ပွဲအစမှာပဲ တူရကီနိုင်ငံသားကို ခြေကန်ချက်နဲ့အစပြုပြီး လျင်လျင်မြန်မြန်တိုက်စစ်ဆင်ခဲ့ပေမဲ့ တူရကီနိုင်ငံသားက ခြေကန်ချက်တစ်ချက်တည်းကပဲ အောင်လအင်ဆန်ကိုလဲကျစေခဲ့ကာ ဒိုင်ပွဲရပ်ဖြင့်ရှုံးနိမ့်ခဲ့ရတာပါ။
ဒီထိုးသတ်မှုပွဲအပြီးမှာပဲ အောင်လအင်ဆန်က သူ့ရဲ့ပွဲထိုးလက်အိတ်ကို ချွတ်နေတဲ့ မြင်ကွင်းကို မြင်ခဲ့ရပြီး ဒီမြင်ကွင်းက သူ့ပွဲစဥ်အရှေ့မှာထိုးသတ်ပြီး ရှုံးနိမ့်သွားတဲ့ သူငယ်ချင်းဖြစ်သူ မာတင်ငုယင် နည်းတူ အနားယူမယ့် ပုံစံကိုပြသခဲ့တာပါ။
သို့ပေမဲ့ အောင်လအင်ဆန်ဟာ အနားယူဖို့ကြေညာသွားခြင်းမရှိပဲ ပွဲစင်ပေါ်ကနေ ထွက်ခွာသွားခဲ့တာ ကိုမြင်တွေ့ခဲ့ရပါတယ်။
အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ မြန်မာကိုယ်စားပြုချန်ပီယံဟောင်း အောင်လအင်ဆန်ဟာ MMA ပွဲပေါင်း ၄၉ ပွဲအထိထိုးသတ်ခဲ့ရာ ၃၀ ပွဲအနိုင်ရရှိပြီး ၁၉ ပွဲရှုံးနိမ့်ထားတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
အောင်လအင်ဆန်ကို အနိုင်ရရှိခဲ့တဲ့ တူရကီနိုင်ငံသား ရှမေးအာဒိုဂန်ကတော့ အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး MMA ပွဲပေါင်း ၁၀ ပွဲထိုးသတ်ထားပြီး ၁၀ ပွဲစလုံးကိုအနိုင်ရရှိကာ ရှုံးပွဲမရှိစံချိန်တင်ထားသူလည်းဖြစ်ပါတယ်။
ချန်ပီယံခါးပတ်နှစ်ခုစလုံးကို လက်လွှတ်ဆုံးရှုံးထားခဲ့ရတဲ့ အောင်လအင်ဆန်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကပဲ One Championship နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
By – အမိုး