အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်ဂိတ်မှာ အိန္ဒိယအစိုးရဘက်က တစ်ရက်လျှင် လူဦးရေ ၂၀ သာဝင်ခွင့်ပြု

စစ်ကိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ အိန္ဒိယ–မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ဖွင့်ထားပေးပေမယ့် တစ်ရက်လျှင် လူဦးရေ ၂၀ ဦးသာဝင်ခွင့်ပြုထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း နာဂဒေနဲ့ အာရန်နာချယ် (Arunachal Pradesh) ကြားက ပန်ဆောင်နယ်စပ်ဂိတ်ကို နာဂလက်နက်ကိုင်တပ်ဖွဲ့နှင့် ပန်ဆောင်နယ်စပ်ဂိတ်အနီးရှိ အိန္ဒိယစစ်တပ်တို့ကြားတိုက်ပွဲကြောင့် ၂၀၁၇ ခုနှစ်မှာ အိန္ဒိယဘက်က ပိတ်ထားရာကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ အိန္ဒိယ–မြန်မာ နယ်စပ်ဈေးပူးတွဲကော်မတီရဲ့ သဘောတူညီချက်နဲ့ ပြန်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစလို့ အိန္ဒိယအစိုးရဘက်က ခရီးသည်ဝင်ရောက်ခွင့်နဲ့ ကုန်စည်သယ်ယူခွင့်အပေါ် ကန့်သတ်ထားပြီး မြန်မာခရီးသည်တွေကို တစ်ရက်လျှင် လူဦးရေ (၂၀) ဦးအထိသာကန့်သတ်လက်ခံပြီး ဝင်ခွင့်ပေးနေတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“အရင်ကတော့ တစ်ပတ်ကိုတစ်ကြိမ်ဝင်ခွင့်ပေးတယ်လေး အဲ့တုန်းက လူဦးရေအကန့်အသတ်မရှိသွားလို့ရတယ်။ ဒါပေမယ့်အခုနောက်ပိုင်းမဟုတ်တော့ဘူး သွားတာကတော့ နေ့တိုင်းသွားလို့ရတယ်။ ဒါပေမယ့်တစ်ရက်ကို လူ ၂၀ ဦးပဲလက်ခံတယ်”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။
၂၀၂၅ ခုနှစ်မတိုင်မှီအထိ အိန္ဒယအစိုးရဘက်က မြန်မာဘက်ကခရီးသည်တွေကို တစ်ပတ်မှာ သောကြာနေ့တစ်ရက်တည်းဝင်ခွင့်ရပေမယ့် လူဦးရေကန့်သတ်ချက်မရှိတာကြောင့် လွတ်လွတ်
လပ်လပ်ဝင်ခွင့်ရပြီး ပန်ဆောင်တစ်မြို့နယ်လုံးနဲ့ နန်းယွန်းမြို့နယ် ဒေသခံများအတွက် လိုအပ်တဲ့စားနပ်ရိက္ခာ၊လူသုံးကုန်အခြားကုန်စည်တွေ လုံလုံလောက်လောက်ဝယ်ယူလို့ရတယ်လို့ သိရပါတယ်။
ဒါပေမယ့် အိန္ဒိယအစိုးရဘက်က ခုလိုကန့်သတ်ချက်တွေကြောင့် ပန်ဆောင်ဂိတ်နယ်စပ်ဂိတ်ကိုအားထားနေရတဲ့ ဒေသခံတွေအတွက်အခက်အခဲဖြစ်နေတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသားကဆက်ပြောပါတယ်။
“အခုကသူတို့ရဲ့ကန့်သတ်ချက်အရဆိုရင် တစ်ပတ်ကိုလူ ၁၄၀ ပဲသွားလို့ရတယ်။ အရမ်းနည်းတာပေါ့ တခြားလူတွေဘယ်ကဘယ်ကသွားဝယ်စားရမလဲပေါ့ အရင်ကတော့ တစ်ပတ်တစ်ရက်ဆိုပေမယ့်ကန့်သတ်မထားတော့ အားလုံးလိုလိုရိက္ခာသွားဝယ်လို့ရတယ် ပေါင်း ၇၀၀၊၈၀၀ မကဘူးနော်သွားကြတာသွားကြတာ”လို့ သူကဆက်ပြောပါတယ်။
အိန္ဒိယဘက်ကနေအခုလို လူဦးရေ ဝင်ရောက်ခွင့်ကန့်သတ်ထားတဲ့အပြင် ကုန်စည်တစ်ချို့လည်းသယ်ယူခွင့်ကို ကန့်သတ်ထားတယ်လို့ သိရပါတယ်။
“ဆန်၊ဆီ(စားသုံးဆီ)၊ဆားတော့ရတယ် မကန့်သတ်ထားဘူး တခြား ဆေးဝါးတွေ၊ ဓာတ်ဆီ၊ဒီဇယ်တွေက ကိုယ်ကြိုက်သလောက်ဝယ်လို့မရဘူးကန့်သတ်ထားတယ် ဓာတ်ဆီဆို သုံးဂါလုံထင်တယ်အဲ့လောက်ပဲရတယ်”လို့ နောက်ထပ် ပန်ဆောင်ဘက်က ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
မြန်မာပြည်ဘက်ခြမ်း နယ်စပ်မြို့ဖြစ်တဲ့ ပန်ဆောင်မြို့ကနေ အိန္ဒိယဘက်ခြမ်း နယ်စပ်မြို့ဖြစ်တဲ့ နမ်ပေါင်မြို့အထိ မိုင် ၂၀ ခန့်ဝေးတာဖြစ်ပြီး နာဂဒေသထဲက ၆၀ ရာခိုင်နှုန်းသောပြည်သူတွေဟာ အိန္ဒိယနယ်စပ်လမ်းကြောင်းကိုသာ အားထားနေရတာဖြစ်ပါတယ်။
သို့သော် အခုလိုကန့်သတ်ချက်ထွက်လာပြီးနောက် မြန်မာပြည်ဘက်ကပြည်သူတွေဟာ တရားမဝင်နယ်စပ်ဝင်လမ်းကြောင်းသုံးပြီး အိန္ဒိယဘက်ကိုဝင်ရောက်ကာ ကုန်စည်ဝယ်ယူတာတွေရှိနေတဲ့အတွက် ဖမ်းဆီးခံရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အိန္ဒိယ–မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ပန်ဆောင်မြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်မှာပါဝင်တဲ့ မြို့နယ်ခွဲ့အဆင့်မြို့ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ မြို့နယ်ခွဲအဆင့် သတ်မှတ်ထားတာဖြစ်ပါတယ်။
By – Zaw Zaw