သတင်း

မြစ်ကြီးနားမြို့ နေအိမ်တစ်အိမ် ဗုံးခွဲခံရအမျိုးသားတစ်ဦးဒဏ်ရာပြင်းထန်စွာရရှိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်က နေအိမ်တစ်အိမ်ဗုံးခွဲခံရလို့ အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဖြစ်စဥ်ကတော့ မနေ့က မတ်လ ၁၂ ရက်နေ့ ညပိုင်း ၁၀နာရီဝန်းကျင် ဒူကထောင်ရပ်ကွက် အပိုင်း ၆ က ဈေးအနီး ဦးဖိုးတုတ်ဆိုသူရဲ့နေအိမ်ရှေ့ အိမ်စီးကားတစ်စီးရောက်လာပြီး ဗုံးဟုယူဆရတဲ့ ဖောက်ခွဲပစ္စည်းတစ်ခု လာပစ်ထည့်လိုက်တဲ့နောက် ပေါက်ကွဲမှုဖြစ်တာလို့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

အိမ်ရှေ့အိမ်စီးကားတစ်စီးရောက်လာပြီး လာပစ်ထည့်သွားတာ မိုင်းလား၊ ဗုံးလား ဘယ်လိုအမျိုးအစားနဲ့ပစ်တယ်ဆိုတာတော့ တိတိကျကျ မသိရဘူး။အနီးနားပတ်ဝန်းကျင်ဆို အသံပါတုန်တယ်။ ပြင်းတော့ပြင်းတယ်လို့ပြောပါတယ်။

အခုလို အိမ်စီးကားနဲ့လာရောက်ပစ်ဖောက်ခွဲသွားတာနဲ့ပတ်သက်လို့ ဒူကထောင်ရပ်ကွက်နေဒေသခံတစ်ဦးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့သူဟာ အသက် ၅၄ နှစ်ဝန်းကျင် ဦးဖိုးတုတ်ဆိုသူဖြစ်ပြီး သာမန်အရပ်သာတစ်ဦးဖြစ်ကာ လူမှုကူညီရေးလုပ်ငန်းတွေမှာလည်း ကူညီဆောင်ရွက်နေသူတစ်ဦးလို့ ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရှိသူရဲ့နေအိမ်က ခြံစည်းရိုးပျက်ဆီးသွားသလို ထိခိုက်ဒဏ်ရရှိခဲ့သူအမျိုးသားကတော့ မျက်နှာ၊ နားနဲ့ ခြေထောက်၊ဗိုက်မှာ ဗုံးစ ထိခိုက်ထားပြီး လက်ရှိတော့ မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

မတ်လ ၁၂ ရက်နေ့ မနေ့ကညပိုင်းမှာ ဒူကထောင်ရပ်ကွက်တင်မကဘဲ မြစ်ကြီးနားမြို့က ရပ်ကွက်တစ်ချို့မှာလည်း ပေါက်ကွဲ မှုတွေဖြစ်ခဲ့ပြီး တစ်ညတည်း ၇ ကြိမ် ထက်မနည်း ပေါက်ကွဲသံကြားခဲ့ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကျနော်တို့ဒူကထောင်ပတ်ဝန်းကျင်ကနေ အသံတွေကြားရတယ်။ ဒူကထောင်မှာပဲမဟုတ်ဘူး စံပြ၊ တပ်ကုန်းဘက်မှာ လည်းကြားတယ်။ တစ်ညတည်းကို ချက်၊ ချက်လောက်ရှိတယ်။လို့ပြောပါတယ်။

လက်ရှိပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှာတော့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေအိမ်အနီးတစ်ဝှိုက်မှာ စစ်ကောင်စီနဲ့လက်အောက်ခံတပ်ဖွဲ့ဘက်က တစ်စုံတစ်ရာလာရောက်မေးမြန်းခြင်းမရှိဘူးလို့ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် အခုလိုပေါက်ကွဲမှုကြောင့် မြစ်ကြီးနားမြို့ဒေသခံတွေအကြား လုံခြုံရေးအတွက်စိုးရိမ်မှုတွေမြင့်တက်နေကြရပါ တယ်။

ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်ကတည်းက ဖုန်းနဲ့အင်တာနက် လိုင်းတွေဖြတ်တောက်ခံထားရတာဖြစ်ပြီး သတင်းစီးဆင်းမှုလည်းနည်းပါးနေသလို ဒေသခံတွေဟာ သတင်းရရှိဖို့ နဲ့ အဆက်အသွယ်အတွက် Starlink Internet ကိုသာအဓိကသာအသုံးပြုနေကြရတာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button