
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်တပ်ကျဆုံးမှုတွေရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးကိုလည်းအရှင်ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ကနေ မတ်လ ၁၆ ရက်နေ့ မနေ့က နေ့လည် ၂ နာရီဝန်းကျင်လောက်ထိတိုက်ပွဲပြင်းထန်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ကသာမြို့ပြင်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလှုပ်ရှားနယ်မြေဘက်ကိုစစ်ကြောင်းထိုးလာရာကနေတိုက်ပွဲ ပြင်းထန်ခဲ့ကြတာလို့ သိရပါတယ်။
ကသာမြို့အခြေစိုက် ခမရ ၃၀၉ ကနေ အင်အား ၁၅၀ ကျော်ရှိတဲ့ စစ်ကြောင်း မြိုပြင်ဘက်စစ်ကြောင်းထိုးလာရာကနေ တိုက်ပွဲစတင်တာလို့စစ်ရေးသတင်းရင်းမြစ်တစ်ဦးက KNG ပြောပါတယ်။
“တိုက်ပွဲပြင်းထန်တာ ပက်ပက်စက်စက်ပဲ။ ရုတ်တရက်ကြီးအရင်ကဆို ကင်းပဲပတ်နေတာ။ အခုက စစ်ကြောင်းက အင်အားအများကြီးနဲ့မြို့ပြင်ကိုဝင်ထိုးလိုက်တာ။ ၁၅ ရက်နေ့ကဆိုရင် မနက်ကတည်းဖြစ်တာ ညအထိတစ်နေ့လုံးပဲ။ ရန်သူကလည်းကျတာ ပြီးတော့အရှင်ကလည်း ၂၉ ဦးရတယ်”လို့ပြောပါတယ်။
တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့သလို နယ်မြေရှင်းလင်းရေးလုပ်စဥ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ ရုပ်အလောင်း ၄ လောင်းကိုတော့ မျက်မြင်တွေ့ရှိခဲ့ရတယ်လို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။
ဒါ့အပြင်တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတစ်ချို့လည်းသိမ်းဆည်းရမိခဲ့ပြီး မနေ့ကညနေပိုင်းလောက်မှာ နှစ်ဖက်ပစ်ခတ်မှုတွေငြိမ်သွားပြီး စစ်ကောင်စီစစ်ကြောင်းဟာလည်း ခမရ ၃၀၉ တပ်ရင်းထဲပြန်ဆုတ်သွားကြတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရဟာ ခမရ ၃၀၉ တပ်ရင်းနဲ့ ၄ မိုင်ဝန်းကျင်အကွာ ကသာမြို့ပြင်က နတ်ရေတွင်း၊ ပင်းမလွတ် လမ်းခွတစ်ဝှိုတစ်ဝှိုက်မှာဘဲ တိုက်ပွဲပြင်းထန်ခဲ့ကြတာလို့ သိရပါတယ်။
“ဒီအခုတိုက်ပွဲမှာတော့ အရပ်သားကတော့နစ်နာမှုတွေဘာမှပြန်မရှိဘူး။ ဘာလို့လဲဆိုတော့ ဒီဒေသတစ်ဝှိုက်က လစဥ်လိုလို ထိတွေ့မှုဖြစ်တယ်။အမြဲတမ်းလည်းရန်သူကကင်းပတ်တာမျိုးတွေကိုယ့်ဘက်ကကြိုစောင့်တိုက်ခိုက်တာတွေရှိတော့ တစ်ခုခု ဆို ပြည်သူကလည်းဘေးကင်းရာကိုရှောင်ကြတယ်”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦး ဆက်ဆိုပါတယ်။
ဒီတိုက်ပွဲအတွင်း ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ရင်းကနေ လက်နက်ကြီးတွေဆက်တိုက်ပစ်ကူပေးခဲ့သလို အခုလို တိုက်ပွဲပြင်းထန်မှုမျိုးဟာ ကသာမြို့မှာပထမဆုံးအကြိမ်ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကဆိုကြပါတယ်။
ကချင်အစပ်မှာရှိတဲ့ စစ်ကိုင်းတိုင်းထဲက ကသာမြို့နယ်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကချင်ပြည်နယ် တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့တိုက်ပွဲပြင်းထန်ခဲ့ တဲ့ ၂၀၂၄ ခုနှစ် မတ်လ နောက်ပိုင်း ဂျူလိုင်လလောက်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် ကသာမြို့တွင်းအခြေနေတွေကိုသိရဖို့အခက်အခဲတွေလည်းရှိပြီး ဒီတိုက်ပွဲသတင်းနဲ့ပတ်သက်လို့လည်း ဒေသခံ တွေကိုချိတ်ဆက်ဖို့ KNG က ကြိုးစားနေဆဲဖြစ်ပါတယ်။
ကသာမြို့နယ်ဟာ ကချင်ပြည်နယ်ရွှေကူမြို့နယ်နဲ့ကပ်လျှက်မှာတည်ရှိတဲ့မြို့ဖြစ်သလို လက်ရှိ မြို့သိမ်းတိုက်ပွဲပြင်းထန် နေတဲ့ ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်မြို့နဲ့လည်းမဝေးလှဘဲ စစ်ရေးအရအရေးပါတဲ့နေရာမှာတည်ရှိတဲ့မြို့လို့ ကာကွယ်ရေးတပ်တွေဘက်ကဆိုကြပါတယ်။
ဧရာဝတီမြစ်ရဲ့အနောက်ဘက်ကမ်းမှာတည်ရှိတဲ့ ကသာမြို့နယ်မှာ ကချင်ပြည်နယ်နဲ့နယ်ချင်းစပ်မှာရှိပြီး ၂၀၁၄ သန်ခေါင်းစာရင်းအရ လူဦးရေ ၁ သိန်း၆သောင်းရှိပြီး စစ်ကိုင်းတိုင်းထဲက ခရိုင်မြို့လေးတစ်မြို့ဖြစ်သလို ကသာမြို့ကို ကားလမ်း၊ ရထားလမ်းအပြင် ရေကြောင်းလမ်းနဲ့ပါသွားလာနိုင်ပါတယ်။
By – အမိုး