သတင်း

ဝါရာဇွပ်ကျေးရွာ လေကြောင်းနဲ့ ထပ်မံဗုံးကြဲခံရ

ကချင်ပြည်နယ် တနိုင်းသွား လီဒိုလမ်းမပေါ်  မင်းဇေသန့် ပြည်သူ့စစ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ရေးတင်းမာမှုဖြစ်နေတဲ့ ဝါရာဇွပ်ကျေးရွာအနီး နမ်ဆိုင်ကျေးရွာ(Nam Sai Mare) ကို စစ်ကောင်စီတပ် ဂျက်လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမယ့် စစ်ကောင်စီတပ်ဟာ ဝါရာဇွပ်ကျေးရွာနဲ့ တစ်ဆက်တည်းရှိတဲ့ နမ်ဆိုင်ကျေးရွာကို မတ်လ ၁၄ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီခန့်မှာ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဝါရာဇွပ် နမ်ဆိုင်မှာ ဂျက်လေယာဉ်တက်လာပြီး ဗုံးလာကြဲသွားတယ်။ နမ်ဆိုင်က ဝါရာဇွပ်ကျေးရွာအထက်မှာရှိတယ်။ လေယာဉ်လာပစ်သွားတာနဲ့ ရှဒူးဇွပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ မနက်ပိုင်းစောစောဆိုတော့ လေယာဉ်က သိပ်မမြင်ရဘူး။ ဒါပေမယ့် အသံတော့ ကြားရတယ်။ သိပ်မကြာဘူး ဗုံးသံကြားရပြီလေလို့ပြောပါတယ်။

စစ်တပ်က နမ်ဆိုင်ကျေးရွာကို လေယာဉ်ဗုံးလာကြဲသွားတဲ့ နောက်ပိုင်း ရှဒူးဇွပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

ဝါရာဇွပ်ကျေးရွာဘက်မှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာ ဒုတိယအကြိမ်မြောက်ရှိလာပြီး အရပ်သားသေဆုံးမှုရှိမရှိ ဖုန်းလိုင်းအခက်အခဲကြောင့် အသေးစိတ်သိရှိဖို့ ခက်ခဲနေပါတယ်။

စစ်ကောင်စီတပ် လေကြောင်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်း ဝါရာဇွပ်၊ နမ်ဆိုင်ကျေးရွာထဲမှာ KIA ပူးပေါင်းတပ် ရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

ဝါရာဇွပ်မှာက ဒေသခံတွေမရှိကြတော့ဘူး။ ရွာထဲမှာ KIA နဲ့ PDF တွေရှိနေလို့ လာပစ်တယ်လို့ထင်တယ်။ နမ်ဆိုင်ကျေးရွာ ရွာထိပ်ပိုင်းအထိ ဝါးတားဂိတ်တွေချပြီး ရှိနေကြတာဟုတ်တယ်။ အဲ့ကြောင့် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က လာပစ်ခိုင်းတယ်လို့ မြင်တယ်လို့ပြောပါတယ်။

KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းကနေ ဝါရာဇွပ်ကျေးရွာဘက်မှာ စစ်ရေးလှုပ်ရှားလာတာကြောင့် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ရေးတင်းမာမှုဖြစ်နေတာ တစ်လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ဝါရာဇွပ်ကျေးရွာကို ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဝါရာဇွပ်ဒေသခံ အမျိုးသားတစ်ဦး အသက်သေဆုံးခဲ့ရပြီး နေအိမ် ၂ လုံးခန့် ပျက်စီးသွားတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ကလည်း စစ်ရေးတင်းမာမှုပြန်ဖြစ်လာတဲ့ ဖေဖော်ဝါရီလလောက်ကနေ ရှဒူးဇွပ်ကျေးရွာကနေ ဝါရာဇွပ်ကျေးရွာကို လက်နက်ကြီးပစ်ခတ်နေသလို ဒရုန်းပစ်ခတ်နေတာဖြစ်ပါတယ်။

ဒါ့ကြောင့် ဝါရာဇွပ်ကျေးရွာနေ ပြည်သူတစ်ချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

အခုလို စစ်တပ်က လေကြောင်းတိုက်ခိုက်နေသလို ပြည်သူ့စစ်အဖွဲ့တွေလည်း မကြာခဏ ဒရုန်းပစ်ခတ်နေတဲ့အတွက် မတ်လ ၇ ရက်နေ့မှာ KIA တပ်က ဒေသခံအားလုံးကို ရွာထဲကနေ တိမ်းရှောင်နေထိုင်ကြဖို့ တရားဝင်ပြောဆိုထားတယ်လို့လည်း ဝါရာဇွပ်ဒေသခံတွေ ဆီကနေ သိရပါတယ်။

လက်ရှိမှာ KIA နဲ့ ပြည်သူ့စစ် နှစ်ဖက်တပ် စစ်ရေးတင်းမာမှုတွေဖြစ်နေတာကြောင့် ဝါရာဇွပ်ဒေသခံတွေ ရွာလုံးကျွတ် ဘေးလွတ်ရာကို တိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button