ဆားမှော်ရွာအနီး စစ်ရေးတင်းမာနေတာကြောင့် တောင်သူများစိုက်ပျိုးရေးလုပ်ကိုင်ဖို့အခက်တွေ့

ကချင်ပြည်နယ် မိုးကောင်းမြို့ ဆားမှော်ကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးတင်းမာမှုရှိနေတာကြောင့် ဆားမှော်ဒေသခံတောင်သူများ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဖို့ အခက်တွေ့နေကြတယ်လို့ ဒေသခံတွေပြောပါတယ်။
ဆားမှော်ကျေးရွာက ဒေသခံပြည်သူတွေဟာ များသောအားဖြင့် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြသူတွေဖြစ်ပြီး ဆားမှော်ကျေးရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ ကချင်အခေါ် နင်ခရွတ်(Nhkrut Pa)၊ အင်ဖရင်း( Nhpring Pa)၊ ကျန်ခ( Chyanghka Pa)၊ ဘန်စိုင်း( Ban Sai)၊ ဘန်ကောက်(Ban Kok )၊ ဘန်ဂျက်(Banjet) စတဲ့နေရာတွေမှာ ဆီစားသီးနှံတွေဖြစ်တဲ့ မုံညှင်း၊ မြေပဲ၊ မြေတောက်ပဲနဲ့ စပါးစတာတွေကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြတာဘဲ ဖြစ်ပါတယ်။
တောင်ယာစိုက်ပျိုးရေးလုပ်ကိုင်တဲ့နေရာဟာ ရွာကနေခြေလျင်သွားရင် တစ်နာရီခန့်သွားရတဲ့နေရာမှာရှိပြီး ကဂျီကုန်းစစ်ကောင်စီတပ်စခန်းနဲ့ အင်ဖရင်းဘက်မှာရှိတဲ့ PDF စခန်းတွေကိုကျော်ဖြတ်ပြီး ခက်ခက်ခဲခဲ သွားရတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေကနေ ဆိုပါတယ်။
လက်ရှိအဲဒီနေရာတွေမှာ နှစ်ဖက်စစ်တပ်ဘက်က စစ်ရေးတင်းမာနေပြီး ဒေသခံတွေကို ဖြတ်သန်းသွားလာဖို့ ပိတ်ပင်ထားတဲ့အတွက် တောင်ယာသွားလို့မရတော့သလို တောင်ယာမှာ ရောက်နေကြတဲ့သူတွေလည်း ရွာကို ပြန်လာလို့မရဘဲ ဒုက္ခရောက်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။
“တချို့က အဲဒီဘက်မှာစပါးတွေထားထားပြီး ရွာဘက်ကို ပြန်မသယ်လာနိုင်သေးတဲ့သူတွေလည်း ရှိတယ်။ မနှစ်က တောင်ယာလုပ်တာ အခြေအနေမကောင်းတဲ့အတွက် ဆီစားသီနှံတွေ၊ ပဲတွေ ပြန်စိုက်ထားတဲ့ အချိန်မှာမှ သေချာပြန်မရိတ်သိမ်းနိုင်ရင်က ကျွန်တော်တို့ ဒီမှာရှိတဲ့ တောင်သူလယ်သမားတွေက အရမ်းခက်ခဲလာနိုင်တာပေါ့”လို့ ဆိုပါတယ်။
လတ်တလော စစ်ရေးတင်းမာမှုကြောင့် တောင်ယာ၊အခင်း စိုက်ပျိုးရေးလုပ်ငန်းတွေ ရပ်တန့်ထားရရုံသာမက အဲဒီဘက်မှာ ကြိမ်ရှာ၊ ဝါးခုတ်အလုပ်နဲ့ ဟင်းသီးဟင်းရွက်ခူးရောင်းတဲ့ သူတွေအတွက်လည်း ပိုမိုခက်ခဲလာတယ်လို့ ဆက်ပြောပါတယ်။
ဒေသခံတွေ ပြောကြားချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့ ကဂျီတပ်စခန်းကုန်းကို တက်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို PDFအဖွဲ့တွေကနေပြီးတော့ ကဂျီကုန်းမရောက်ခင် နမ့်ခမ်းတောင်အနီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ် ခလရ(၁၀၅)အောက်က တပ်ရင်း ၃၈၃၊ ၃၈၄ အပါအဝင် ရှမ်းနီအမျိုးသားတပ်မတော်(SNA)နဲ့ ပြည်သူ့စစ်ဖွဲ့ဝင်အဖွဲ့ပူးပေါင်းပြီး KIA တပ်ရင်း ၅ အောက် PDF ပူးပေါင်းတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် PDF ပူးပေါင်းတပ်က နင်ခရွတ်(Nhkrut Pa)တပ်စခန်းကနေ အင်ဖရင်း( Nhpring Pa) တပ်စခန်းဘက်ကို ဆုတ်ခွာသွားပြီး စစ်ကောင်စီတပ်တွေကတော့ လက်ရှိနင်ခရွတ်(Nhkrut Pa)တပ်စခန်းမှာ နေရာဝင်ယူထားတယ်လို့ ဆိုပါတယ်။
ဆားမှော်ကျေးရွာအနီး ခုလို နှစ်ဖက်စစ်တပ်ဘက်က စစ်ရေးတင်းမာပြီး အပြန်အလှန်ပစ်ခတ်နေတာဟာ တစ်ပတ်ကျော်ကြာကြာမြင့်လာတဲ့အတွက် ဒေသခံတွေအနေနဲ့လည်း စစ်ရေးပြင်းထန်လာမှာကို စိုးရိမ်နေကြသလို တစ်ဖက်မှာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ခွင့်မရဘဲ စားဝတ်နေရေး ပိုမိုခက်ခဲလာမှာ စိုးရိမ်နေကြတာဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာနဲ့ ၂ မိုင်ခန့်ဝေးတဲ့ ကညှင်မြိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ တိုက်ခိုက်ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။
By – Hope