စစ်ကောင်စီ လေယာဉ်ဗုံးကျဲလို့ KIA ထံ စစ်သင်တန်းတက် လူငယ် ၄၀ နီးပါးသေဆုံး

ကချင်ပြည်နယ် မိုးညှင်းခရိုင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နယ်မြေကို စစ်ကောင်စီတပ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်သင်တန်းတက်နေတဲ့ ကချင်လူငယ် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၃၁ ရက်နေ့ ညနေပိုင်း ၅ ခွဲအချိန် KIA တပ်မဟာ ၈ တပ်ရင်း ၅ နယ်မြေတစ်ဝိုက်ကို ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် KIA စစ်သင်တန်းကွင်းမှာရှိနေတဲ့ လူငယ် ၃၆ ဦး အသက်သေဆုံးခဲ့တယ်လို့ ရှေ့တန်းသတင်း အရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။
“ဟုတ်တယ် မှန်ပါတယ်။ KIA တပ်မဟာ (၈) နယ်မြေထဲမှာဖြစ်သွားတာ။ ၃၀ ကျော်သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်သွားတဲ့ နေရာမှာ KIA ထံ စစ်သင်တန်းတက်ဖို့ လူငယ် ရာချီရှိနေပြီးတော့ သုံးဆယ်ကျော်သေဆုံးပြီး နှစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြန်မာပြည်ထဲက မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးတိုင်းစတဲ့ နေရာတွေမှာ ငလျင်ဒဏ်ကြုံတွေ့ခဲ့ရတဲ့အတွက် ပြည်သူလူထုတွေ ဝမ်းနည်းပူဆွေးနေတဲ့အချိန် စစ်ကောင်စီတပ်က ကချင်ပြည်နယ်မှာ ထိုးစစ် မရပ်တန့်ဘဲ လေကြောင်းနဲ့ ဆက်တိုက် တိုက်ခိုက်နေတာဖြစ်ပါတယ်။
KIA တပ်မဟာ (၈) နယ်မြေထဲမှာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးနော်ဗိုလ်က အခုလိုပြောပါတယ်။
“မနေ့ညနေ ၅ နာရီလောက်ဝန်းကျင်မှာ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့တော့ ကြားရပါတယ်။ သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ သတင်းပေးပို့လာတာတော့မရှိသေးပါဘူး” လို့ ပြောပါတယ်။
ငလျင်ဒဏ်ကြုံတွေ့နေရတဲ့အချိန် တိုက်ပွဲရပ်တန့်ဖို့ ပြည်သူတွေလူထုတွေ တောင်းဆိုနေကြပေမယ့် ကချင်ပြည်နယ်မှာတော့ စစ်တပ်က လေကြောင်းအပါ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောငနေတဲ့အတွက် ခုခံ တိုက်ပွဲတွေ ဖော်ဆောင်နေရတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။
မြန်မာ ငလျင်ဘေးကြောင့် ပြည်သူလူထု ထောင်နဲ့ချီ အသက်ဆုံးရှုံးမှုဖြစ်ပေါ်နေတဲ့အတွက် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီက ကြေညာတဲ့ နေ့မှာတင် ကချင် KIA တပ်မဟာ ၈ ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တနိုင်ငံလုံး သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် ကူညီကယ်ဆယ်ရေးကို အားထုတ်နေရမယ့် စစ်ကောင်စီတပ်က အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အပေါ် ကချင် နိုင်ငံရေးသုံးသပ်သူ ပြည်သူတစ်ဦးက အခုလို သုံးသပ်ထားပါတယ်။
“သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရတဲ့အချိန် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ပြည်သူ လူထုကို ကာကွယ်ဖို့ ဆောင်ရွက်ရမယ့် တာဝန်ရှိတယ်။ ဒါပေမယ့် အခုလက်ရှိ မြန်မာနိုင်ငံမှာက စစ်တပ်၊ ရဲတပ်သား၊ မီးသတ်တွေက သိပ်ပြီးပါဝင်နေတာ မတွေ့ရဘူး။ ပရဟိတအသင်းတွေနဲ့ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကပဲ လုပ်နေတာမြင်တွေ့ရတယ်။ စစ်တပ်က ဒီအခြေအနေမျိုးမှာ တိုင်းရင်းသားဒေသတွေမှာ ငလျင်ဒဏ်ကြုံတွေ့နေရတဲ့ ဒေသတွေအပါ ကချင်ပြည်နယ်တွေမှာ တိုက်လေယာဉ်တွေကို အသုံးပြုပြီးတော့ တိုက်ခိုက်နေတဲ့အတွက် ပြည်သူလူထုတွေ ထိခိုက်သေဆုံးနေကြတယ်။ ဒီအပေါ်မှာ စစ်တပ်က တိုင်းပြည်အပေါ်မှာ ဘယ်လောက်စေသနာထားတာကို မြင်တွေ့ရတယ်။ တကယ်တမ်း ဒီစစ် လေယာဉ်တွေက အခုလို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုရမှာဖြစ်တယ်။ အခုလို မြင်တွေ့ရတော့ စိတ်မကောင်းစရာဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မှာလည်း ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာကို ဒရုန်းနဲ့ ၅ ကြိမ်ထက်နည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
မတ်လ ၂၈ ရက်နေ့ နေ့လည် စစ်ကိုင်း နဲ့ မန္တလေးမြို့တွေကို အဓိကဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ၇ဒသမ ၇ ရစ်(ခ်)တာစကေး ပြင်းအားရှိ ငလျင်ကြောင့် မြန်မာပြည်တစ်ဝှမ်းသေဆုံးသူ ၁ သောင်းကနေ ၁ သိန်းကြားလူဦးရေရှိနိုင်တယ်လို့ အမေရိကန် အစိုးရ ဘူမိဗေဒ တိုင်းတာရေးအဖွဲ့ USGS က ခန့်မှန်းထားပါတယ်။
ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းအထိ ငလျင်ဒဏ်ကြောင့်သေဆုံးသူ ၂ ထောင်ကျော်ရှိလာပြီး ဒဏ်ရာရရှိသူ ၃၉၀၀ ကျော်နဲ့ ပျောက်ဆုံး နေသူ ၉၀၀ ကျော်အထိရှိလာပြီလို့ အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)