တိုက်ပွဲသတင်း

အင်းတော်တိုက်ပွဲ စစ်တပ်ကနှစ်ရက်ဆက်တ်ိုက်လေကြောင်းအသုံးပြုတိုက်ခိုက်‌

စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက်လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ KNG က စုံစမ်းသိရှိရပါတယ်။

မနေ့က ဧပြီလ ၁ ရက်နေ့မနက်ပိုင်းကစလို့ နှစ်ဖက်တပ်တွေအင်းတော်မြို့ ဒေသအခေါ် ဂျပန်လှိုဏ်ဂူအနီးတစ်ဝှိုက်မှာ တိုက်ပွဲဖြစ်ပွားနေကြတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

စစ်ကောင်စီတပ်က မနေ့ကရော ဒီကနေ့ပါလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုတွေအကြား ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။

မနေ့ကနေစပြီးတော့တိုက်ပွဲဖြစ်တာဟုတ်တယ်။ ရဲဘော်တစ်ယောက်ကျတယ်။မနေ့ကကျတာပေါ့။ လေယာဥ်ကတော့ လည်းကြဲတယ်။ ရဲဘော်ထိတဲ့ဒဏ်ရာကတော့ စနိုက်ပါလို့ပြောတယ်။ မနေ့ကလည်းကြဲတယ်။ ဒီမနက်လည်း ကြဲသွားသေး တယ်။တိုက်ပွဲကတော့ဆက်ဖြစ်နေတုန်းဘဲလို့ တိုက်ပွဲအခြေနေကိုပြောပြပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာ ငလျင်ဒဏ်ကြောင့်ပူဆွေးနေရတဲ့အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဘက်ကတော့ ငလျင်ဘေးသင့်ခဲ့တဲ့ ဒေသတွေမှာ ခုခံစစ်ကလွဲပြီးထိုးစစ်အားလုံး မတ်လ ၃၀ဧပြီလ ၁၂ ရက်နေ့အထိ နှစ်ပတ်ကြာရပ်နားမှာဖြစ် ကြောင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ်မတော် TNLA နဲ့ အာရက္ခတပ်တော် AA တို့ သုံးဖွဲ့ကလည်း ငလျင်ဒဏ်သင့်ပြည်သူတွေကိုကူညီနိုင်ဖို့လို့ဆိုကာ တစ်လတာတစ်ဖက်သတ်အပစ်ရပ်ကြောင်း မနေ့ကဘဲ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း တိုင်းရင်းလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့လက်ရှိအခြေနေမှာတိုက်ပွဲဖော်ဆောင်ခြင်းမရှိပေမဲ့ တိုက်ခိုက်မှုလုပ်ဖို့စုဖွဲ့တာ လေ့ကျင့်ပြင်ဆင်တာတွေလုပ်နေတာကိုသိရှိရပြီး ဒါဟာတိုက်ခိုက်တာဖြစ်တဲ့အတွက် ကာကွယ်ရေး တွေဆက်လက်လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့“KIA ဘက်ကနေ ထိုးစစ်ရပ်ဖို့ တရားဝင်ပြောဆိုထားတာတော့မရှိဘူး။ တကယ်လို့ တစ်ဖက်က ပစ်ရင်ပြန်ပစ်ရမှာပဲ။ နေ့ကလည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်။ အခုချိန်မှာ KIA ဘက်ကနေ လူသားချင်းစာနာမှုနဲ့ ထိုးစစ် ဆင်တိုက်ခိုက်တာမျိုးမရှိပေမယ့် စစ်တပ်ဘက်က ထိုးစစ်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကိုက စစ်နဲ့ပဲ ပြန်တိုက်ခိုက်ရမှာဖြစ်ပါတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကတော့ စစ်ကောင်စီတပ်ဟာ KIA တပ်မဟာ ၈ နယ်မြေကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သင်တန်းတက်ရောက်နေတဲ့ လူငယ် ၃၀ ကျော်သေဆုံးခဲ့ရပါသေးတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဩဂုတ်လ ၁၆ ရက်နေ့ကနေ စတင်ပြင်းထန်နေခဲ့တာဖြစ်ပြီး ရပ်လိုက်၊နားလိုက် ဖြစ်နေတာ ဖြစ်ပါတယ်။

တိုက်ပွဲကြောင့် မြစ်ကြီးနားမန္တလေးလမ်းပိုင်းနေရာတစ်ချို့ကို ကာကွယ်ရေးတပ်တွေဘက်က သွားလာခွင့်ပိတ်ထားတဲ့ အတွက်ကားသမားတွေအပါအဝင် ငလျင်ဒဏ်သင့်ပြည်သူတွေကိုကူညီဖို့သွားတဲ့ ကချင်လူမှုကူညီရေးအသင်းအဖွဲ့တွေပါ တောလမ်းကိုသာအသုံးပြုပြီး သွားလာနေကြရပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

အင်းတော်မြို့နယ်မှာ ကချင်ပြည်နယ်နယ်စပ်မှာ ရှိပြီး မန္တလေးမြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်မှာ တည်ရှိပါတယ်။

By – အမိုး

Show More

Related Articles

Back to top button