သတင်း

ပူတာအို တိမ်ပင်လယ်အပန်းဖြေစခန်း‌ရှေ့မှာ စစ်ကောင်စီတပ်က တပ်စွဲအထိုင်ချ

ကချင်ပြည်နယ် ပူတာအိုမြို့အပန်းဖြေလည်ပတ်စရာနေရာတစ်ခု ဖြစ်တဲ့ပူတာအို တိမ်ပင်လယ်နဲ့ မျက်နှာချင်းဆိုင်နေရာရှေ့မှာ စစ်ကောင်စီတပ်က တပ်စွဲထားကြောင်းပူတာအို ဒေသခံတွေဆီက‌နေသိရပါတယ်။

ပူတာအိုမြို့ရဲ့ အနောက်ဘက်မြို့နဲ့ ၁၀ မိုင်ဝန်းကျင်ကွာဝေးတဲ့ ပူတာအိုတိမ်ပင်လယ်နဲ့ မျက်နှာချင်းဆိုင်နေရာမှာ စစ်ကောင်စီတပ်က အင်အားသုံးပြီး တပ်စခန်းအသစ်ထိုင်နေကြောင်း ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ထိုင်တာတစ်လနီးပါးတော့ရှိတော့မယ်နန့်တုံခူးရွာသွားတဲ့လမ်းမှာထိုင်ထားတယ်။ အဲ့တိမ်ပင်လယ်နဲ့တော့ ပေ ၃၀၀ လောက်ပဲကွာမယ်ရှေ့တည့်တည့်မှာပဲ ကတုတ်ကျင်းတွေလည်းတူးထားတယ် ပတ်ပတ်လည်သံဆူးကြိုးပါခတ်ထားတယ်လို့ အသက် ၃၂ နှစ်အရွယ်ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

လက်ရှိစစ်ကောင်စီတပ်စခန်းအသစ်ချထားတဲ့နေရာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ နန့်တုံခူးကျေးရွာ(ဒေသခံတွေအခေါ် နာမ်ထူခူး)ကျေးရွာနဲ့ နာမ်စေကျေးရွာသွားတဲ့ကားလမ်းပိုင်းမှာဖြစ်ပြီး စစ်သားအင်အား ၅၀ နဲ့အထက်ရှိတယ်လို့ သိရပါတယ်။

စခန်းရဲ့ဟိုဘက်မှာ ရွာတွေသိပ်တော့မရှိဘူး နှစ်ရွာ သုံးရွာလောက်ပဲ ရှိတယ် အင်အားတော့များတယ်သူတို့စခန်းနဲ့အနေအထားကိုခန့်မှန်းရသလောက်အနည်းဆုံး၅၀ လောက်တော့ရှိမယ် ညဘက်ကတော့ဖြတ်လို့မရဘူးပြောတယ်လို့ အထက်ဖော်ပြပါအမျိူးသားကဆက်ပြောပါတယ်။

စစ်ကောင်စီစစ်သားတွေဟာ စခန်းရှေ့မှာ စစ်ဆေးရေးဂိတ်ပြုလုပ်ထားပြီး ဖြတ်သန်းသွားလာတဲ့ဒေသခံတွေကို စစ်ဆေး၊မေးမြန်းတာတွေအပြင် ယခုနောက်ပိုင်း ငွေကြေးသောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ကောက်ခံတာတွေရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။

အဲ့ဒီတပ်စခန်းအသစ်ထိုင်ထားတာနဲ့ပတ်သက်ပြီး ပူတာအိုမြို့ ရပ်၊ ကျေး အုပ်ချုပ်ရေးပိုင်းမှာတာဝန်ယူဆောင်ရွက်နေတဲ့အမျိုးသားတစ်ဦးက အခုလိုသုံးသပ်ပြောဆိုထားပါတယ်။

နာမ်ထူခူးဘက်က ဘာမှတော့မရှိပါဘူး ရွှေမှော်လည်းမရှိဘူး ရွာလည်းနည်းတယ် တစ်ခုပဲရှိတယ် နာမ်ထူခူးရွာအနောက်ဘက်က အိန္ဒိယနယ်စပ်ပဲလေးပဲ သိပ်တောင်မဝေးတော့ဘူး တောင်ကျော်တာနဲ့ရောက်ပြီ။ မှောင်ခိုလမ်းတွေရှိတယ်လို့တော့ပြောတယ်အသေအချာတော့မသိဘူး နယ်စပ်ဝင်ပေါက်ရှိနေလို့ထိုင်တာပဲ ဖြစ်ဖို့များပါတယ်လို့သူက သုံးသပ်ပါတယ်။

လက်ရှိမှာတော့ ပူတာအိုမြို့ရဲ့ အရှေ့ဘက်မှာ မချမ်းဘော့မြို့အထိုင်တပ်၊ ပူတာအိုမြို့ရဲ့ တောင်ဘက်မှာ မူလာရှီးဒီအထိုင်တပ်၊ မြို့ရဲ့ မြောက်ဘက်မှာ ထဝါဒမ်းကျေးရွာအထိုင်တပ်တွေရှိနေသလို မြို့ရဲ့အနောက်ဘက်မှာလည်းအထက်ဖော်ပြပါ တပ်စခန်းအသစ်ကိုထပ်ချထားတာဖြစ်ပါတယ်။

ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းမှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့ကိုKIAနဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဟာ ဆွမ်ပီယန်၊ လုံရှာယန်၊ တန်ဂျာစတဲ့ကျေးရွာတွေဘက်ကို အင်အားအလုံးအရင်းနဲ့တပ်ချလာတာ၊အခုလိုရှေ့တန်းစခန်းအသစ်တွေထပ်ချတာတွေကို ပိုမိုလုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button