စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့တိုက်ပွဲ ၄ ရက်အတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က စစ်ကောင်စီပူးပေါင်းတပ်တွေရဲ့ ကာကင်းစခန်း ၆ ခုကိုသိမ်းပိုက်ထားတယ်လို့ သိရပါတယ်။
ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေထိန်းချုပ်နေရာယူထားတဲ့ ဗန်းမောက်မြို့အနီးဝန်းကျင်ကိုပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစလို့ KIA နဲ့ကာကွယ်ရေးတပ်တွေပူးပေါင်းပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ရှမ်းနီပူးပေါင်းတပ်တွေဟာ ဒရုန်းအသုံးပြုခုခံတဲ့အပြင် လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေလည်းရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
“ဗန်းမောက်က သူတို့ဘက်ကဒရုန်းတအားသုံးတယ်။ ကာကင်းတွေသိမ်းမိတာကမှန်ပါတယ်။ ကာကင်းကလည်း ပွင့်ပွင့်လင်းလင်း ပြောရရင် တပ်စိပ် ၁ စိပ် အလွန်ဆုံး ရှိမှ ၂ စိပ်ရှိတဲ့ကာကင်းတွေပါ”လို့စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်မှာ ရှမ်းနီအမျိုးသားတပ်မတော်ရဲ့အင်အားကအများဆုံးဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ တပ်မ ၇၇ လက်အောက်ခံတပ်ရဲ့ တပ်ဖွဲ့ဝင်တစ်ချို့လည်းပူးပေါင်းနေရာယူထားကြတယ်လို့ သိရပါတယ်။
တိုက်ပွဲစတင်တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကတည်းက တိုက်ပွဲအတွင်းပိတ်မိနေကြတဲ့ အရပ်သားတွေဟာလည်းဆက်လက် ပိတ်မိနေကြဆဲဖြစ်တယ်လို့ပြောပါတယ်။
ဒါ့အပြင် နှစ်ဖက်တိုက်ပွဲအကြားအရပ်သားထိခိုက်သေဆုံးတာတွေလည်းရှိတယ်လို့သိရပေမဲ့ အရပ်သားတွေရဲ့ အခြေနေအသေး စိတ်ကို ဖုန်းလိုင်းအခက်အခဲ ကြောင့် KNG ကအတည်ပြုဖို့ခက်ခဲနေပါတယ်။
“ဗန်းမောက်ကအခြေနေအရမ်းကြမ်းတယ်နေမှာ။ ဂျက်ဖိုက်တာတွေတအားဘဲ။ ဒီနေ့တော့လေကြောင်းဝဲတာတွေ မတွေ့ရ သေးဘူး။ မနေ့တုန်းကတော့ မနက်အစောကြီးကိုဂျက်ဖိုက်တာတစ်ခါပျံတယ်။ နေ့လည်ပိုင်းမှာ တစ်ခါပျံတယ်။ အဲ့တစ်ကြိမ်မှာ တော့ပျံပြီး အုန်း ဆိုတဲ့အသံကြားလိုက်ရတယ်။ ညကျတော့လည်းပတ်နေတာ”လို့ မနေ့ကစစ်ကောင်စီရဲ့လေကြောင်းအသုံးပြုမှုအကြောင်း စစ်ကိုင်းကချင်အစပ်ကဒေသခံတစ်ဦးကပြောပါတယ်။
ဗန်းမောက်မြို့နယ်ဟာ ရှမ်းနီအမျိုးသားတပ်မတော် SNA အားကောင်းတဲ့ဒေသတစ်ခုဖြစ်ပြီး လက်ရှိမှာတော့ မြို့ပေါ်ရပ်ကွက်နဲ့ မြောက်ဘက်ခြမ်းတွေအပါအဝင် နေရာအများစုကို SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေကထိန်းချုပ်ထားတယ်လို့သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေကတော့ ဗန်းမောက်မြို့ တောင်ဘက်ခြမ်း၊ အရှေ့ခြမ်း နဲ့အနောက်ခြမ်းတွေကကျေးရွာတစ်ချို့နဲ့နယ်မြေတချို့ကိုထိန်းချုပ်ထားတဲ့ အခြေနေလို့ ဒေသခံတွေဆီကသိရပါတယ်။
By – အမိုး



