ဗန်းမောက်မှာတိုက်ပွဲဆက်ဖြစ်နေပြီး ကာကွယ်ရေးပူးပေါင်းတပ်တွေ SNA တပ်ဖွဲ့ဝင်နှစ်ဦးကိုအရှင်ဖမ်းမိ
စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ပြီးတဲ့နောက် မြို့ရဲ့အနောက်ဘက်ခြမ်းမှာ နှစ်ဖက်တပ်တွေတိုက်ပွဲဆက်ဖြစ်နေပြီး SNA တပ်ဖွဲ့ဝင်နှစ်ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ရှမ်းနီအမျိုးသားတပ်မတော် SNA ၊စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ဗန်းမောက်မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ခမိုးရွာ၊ အနောက်ဘက်ခြမ်းက ပင်ဟင်းခါး၊ ကြောင်လည် စတဲ့ကျေးရွာတွေတစ်ဝှိုက်မှာ ဒီရက်ပိုင်း အတွင်းတိုက်ပွဲတွေဖြစ်ပွားနေတာလို့သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ကတော့ ခမိုးရွာက တာဝါတိုင်ကုန်းကိုတော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ခဲ့ပြီး SNA တပ်ဖွဲ့ ဝင်နှစ်ဦးကို တော်လှန်ရေးအင်အားစုတွေကအရှင်ဖမ်းမိခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦး ခုလိုပြောပါတယ်။
“ခမိုးရွာကတော့ရသွားပြီ။ တာဝါတိုင်ရှိတော့ တာဝါတိုင်ကုန်းလို့ခေါ်တာ။ အဲ့ရွာကိုရသွားပြီ။ SNA တပ်သား ၂ ယောက်ရတယ် အရှင်မိတာ။ ခမိုးက မဝေးဘူးမြို့နဲ့ ။ ကျနော်တို့ဘက်က မြို့သိမ်းပြီးတာနဲ့ တခါတည်းလိုက်တိုးတာ။ ချက်ချင်းဖြစ်တာဘဲ”လို့ပြောပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့ ဗန်းမောက်မြို့ပေါ်ကနေ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဆုတ်ခွာသွားပြီးနောက် တော်လှန်ရေး အင်အားစုတွေက ဗန်းမောက်မြို့ကိုနေရာယူအထိုင်ချထားကြပြီး ဗန်းမောက်မြို့ ရဲ့အနောက်ဘက်ခြမ်းတွေကို တော်လှန်ရေးအင် အားစုတွေဆက်လက်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။
ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ပြီးတဲ့နောက်ပိုင်းကစလို့ မနေ့ကအထိကို နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်ပွားနေတာလို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။
“တိုက်ပွဲကတော့မြို့သိမ်းပြီးတော့ဆက်တိုက်ဘဲ။ ၂၁ ရက်နေ့ကလည်း တိုက်ပွဲ ဖြစ်တယ်။ ၂၃ ရက်နေ့ကလည်း ဖြစ်တယ်။ မနေ့တုန်းကလည်းတိုက်ပွဲကဖြစ်တယ်။ တိုက်ပွဲတွေကလည်း ဆက်ရှိနေတာဘဲ။ SNA စခန်းတွေ ကိုပြန်ပြီးထိုးစစ်ဆင်နေတာ”လို့ နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဗန်းမောက်မြို့လက်ရှိအခြေနေကိုပြောပြပါတယ်။
လက်ရှိ ဗန်းမောက်မြို့နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုနဲ့ ကသာခရိုင်ကွပ်ကဲရေးမှူးဦးဆောင် ပြီးတော့ NUG လက်အောက်ခံPDF တွေနဲ့ ပကဖတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်နေတာလို့ အမှတ် ၁ စစ်ဒေသရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
တော်လှန်ရေးအင်အားစုတွေဟာ စစ်ကိုင်းနဲ့ကချင်အစပ် စစ်ကိုင်းတိုင်းထဲက အင်းတော်၊ မော်လူး၊ ပင်လည်ဘူး စတဲ့မြို့တွေကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီးတော့ စစ်ကိုင်းနဲ့ကချင်အစပ်မှာဆိုရင် ဧရာဝတီမြစ်ကြောင်းပေါ်က ထီးချိုင့်မြို့နဲ့ကသာမြို့တို့ကိုသာ စစ်ကောင်စီကထိန်းချုပ်ထားနိုင်တော့တာဖြစ်ပါတယ်။
By – အမိုး



