ရွှေကူဘက်ဦးတည်လာတဲ့ စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရလို့ပြန်ဆုတ်သွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းဘက်ကနေ ရွှေကူမြို့နယ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကြားဖြတ်တိုက်ခိုက်ခံရလို့ တပ်ပြန်ဆုတ်ခွာသွားပြီဖြစ်တယ်လို့ ရွှေကူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြောပါတယ်။

မေလ ၅ ရက်နေ့ ငအိုးကနေ ရွှေကူမြို့နယ်ဘက်ကိုဝင်လာတဲ့ အဲဒီစစ်ကြောင်းဟာ အင်အား ၅၀ ဝန်းကျင်ရှိတယ်လို့သိရပြီး ရွှေကူ PDF က လမ်းခုလတ်မှာကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီးပြန်လည်ဆုတ်ခွာသွားတယ်လို့ ရွှေကူမြို့နယ် ပ.က.ဖအဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောပါတယ်။

မနေ့က ရွှေကူဖက်ခြမ်းကိုဝင်လာတဲ့ စစ်ကြောင်း ကျွန်တော်တို့ဒေသကာကွယ်ရေးအဖွဲ့နဲ့ရွှေကူ PDFတွေဝိုင်းပြီးပစ်လို့ ပြန်ဆုတ်သွားတယ် သူတို့ဘက်က လေးယောက်တော့ထိသွားတယ်ထမ်းပိုးသွားတယ်လို့ သူကပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကို ရွှေကူနယ်၊ မံဝိန်းကျေးရွာကြားရှိ ငအိုးကျေးရွာအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေးဦးထက်မနည်းထိခိုက်ဒဏ်ရာရသွားကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းတုန်းကလည်း ရွှေကူမြို့အထွက် ၅ လမ်းဆုံမှာတပ်ထိုင်ထားတဲ့ ရွှေကူ PDF ပူးပေါင်းတပ်ဖွဲ့ရဲ့ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ကာကွယ်ရေးတွေဘက်က ခေတ္တဆုတ်ခွာပေးလိုက်ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြောပါတယ်။

ဒါပေမယ့် နောက်တစ်ရက်မှာ ကာကွယ်တပ်တွေထပ်မံသွားရောက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြီး တပ်ပြန်ဆုတ်သွားတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်း ရွှေကူမြို့တွင်းတပ်ထဲကိုစစ်အင်အားဖြည့်နေသလို ငအိုးကနေစစ်ရေးလှုပ်ရှားလာတာအပြင် မြို့ထဲကနေလည်း စစ်ရေးလှုပ်ရှားနေတာလုပ်နေတယ်လို့ သိရပါတယ်။

သူတို့က မြို့ပေါ်လောက်ပဲထိန်းချုပ်ထားတာလေ ဒီရက်ပိုင်းက အင်အားတော်တော်လေးပြန်ဖြည့်ထားတယ်။ ခု မြို့ပြင်ဘက်က စစ်ရေးလှုပ်ရှားတာတွေလုပ်လာတယ်လို့ ဒေသခံအမျိူးသားတစ်ဦးပြောပါတယ်။

အခုလိုစစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားလာတာတွေကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့နဲ့ ဂိတ်တွေ၊ကာကင်းစခန်းတွေနဲ့ခပ်ဝေးဝေးမှာနေထိုင်ကြာဖို့ မေလ တစ်ရက်နေ့က သတိပေးထုတ်ပြန်ထားပါတယ်။

ရွှေကူမြို့နယ်ထဲမှာတော့ မံစီ၊မံဝိန်း၊မံနား၊စီသောင်၊ငဘတ်ဝ အစရှိတဲ့ကျေးရွာအများစုကို ကာကွယ်ရေးတပ်တွေဘက်က ထိန်းချုပ်ထားပြီး ရွှေကူမြို့နဲ့မြို့အနီးဝန်းကျင်က ကျေးရွာအနည်းစုကိုသာစစ်ကောင်စီတပ်က ထိန်းချုပ်ထားသလို ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့မှာတော့ စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့လည်းဖြစ်ပါတယ်။

ဒါ့အပြင် ရွှေကူမြို့နယ်ဟာ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ခရိုင်ထဲက မြိို့နယ်တစ်ခုဖြစ်ပြီး မြစ်ကမ်းနဘေးမှာတည်ရှိတဲ့မြို့နယ်လည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button