နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေအကြား ခရီးသွားကားများပိတ်မိနေ
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် အင်းတော်၊ မော်လူးမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်နေတာကြောင့် မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ခရီးသွားကားတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေက ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ စစ်တပ်တို့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး နှစ်ဖက်မြို့တွေကနေ ထွက်လာတဲ့ကားတွေကိုလည်း လမ်းတစ်လျှောက်နေရာအသီးသီးမှာ ရပ်တန့်ထားရတဲ့အခြေနေဖြစ်ပါတယ်။
လမ်းပိုင်းပိတ်ထားရတာဟာ နိုဝင်ဘာ ၄ ရက် ညနေပိုင်းမှာ စစ်တပ်ရဲ့ ယာဉ်တန်းတွေ ဖြတ်သန်းတက်လာချိန်ကတည်းကဖြစ်ပြီး နိုဝင်ဘာ ၅ ရက်မှာတော့ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေဆက်ဖြစ်လာတာလို့ ကားသမားတစ်ဦးကပြောပြပါတယ်။
“လမ်းကတော့ ၄ ရက်နေ့ ညနေလောက်ကတည်းက စပိတ်တာ။ ပိတ်တာက ဘာလို့ပိတ်လည်းဆိုတော့ ယာဉ်တန်းတွေတက်လို့ ပေါ့လေ။ အဲဒီညနေမှာ တပ်ဘက်က ယာဉ်တန်းတွေတက်တာ။ အဲဒါကနေပြီးတော့ လမ်းပိတ်ရင်းနဲ့ ၅ ရက်နေ့မှာ ဒရုန်းတွေ ဘာတွေကျ၊ တိုက်ပွဲတွေဖြစ်နေတာ။ လမ်းကတော့ ပိတ်ထားတယ် အခုလောလောဆယ်တော့”လို့ ကားသမားကပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် ခရီးသွားကားတွေပေါ်ကိုလည်း ဒရုန်းတွေကျရောက်ခဲ့တယ်လို့ ကြားသိရကြောင်းနဲ့ လမ်းပိုင်းပိတ်ထားရတာဟာ စစ်တပ်ရဲ့ ယာဉ်တန်းတွေ ဖြတ်သန်းတက်လာတာနဲ့လည်း ဆက်စပ်နေတယ်လို့ ဒေသခံတွေကလည်း ဆိုကြပါတယ်။
တစ်ဖက်မှာ အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ မော်လူးမြို့နဲ့ အနီးတစ်ဝိုက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပိတ်မိနေတဲ့ ခရီးသွားတွေအားလုံး နဘားကျေးရွာ ဘက်ကို အမြန်ဆုံးရွှေ့ပြောင်းထွက်ခွာကြဖို့လည်း အသိပေးထားပါတယ်။
“အခုလက်ရှိ မော်လူးမှာက စစ်ရေးတင်းမာနေလို့လေ။ တိုက်ပွဲတွေဖြစ်နေတာ မနေ့က မနက်ပိုင်းကဖြစ်တာ။ အဲဒီမှာ စစ်ရေး တင်းမာနေတာဆိုတော့ ခရီးသွားကားတွေက မော်လူးမှာ ပိတ်မိနေတာ။ ပိတ်နေတာကိုမှ အုပ်ချုပ်ရေးအဖွဲ့တွေက နဘားဘက်ကို ထွက်ပါလို့ သတိပေးထုတ်ပြန်ထားကြတာ အဲဒီလိုတော့သိရတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို တက်လာတဲ့ ကားတွေကို ကသာမြို့မှာ ရပ်ထားရပြီး မြစ်ကြီးနားဘက်ကနေ မန္တလေးဘက်ကို ဆင်းလာတဲ့ကားတွေကိုလည်း နန့်စီးအောင်နဲ့ ပေကုန်းကျေးရွာဘက်မှာ ရပ်နားထားရတယ်လို့ ကားသမား တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကသာခရိုင် အမှတ် (၁) တပ်ရင်းကလည်း နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားပြီး ကသာ–ထီးချိုင့် အမှတ် (၂) ကားလမ်းနဲ့ ကသာ–မော်လူး ကားလမ်းပိုင်းဆိုင်ရာ သွားလာရေးအခြေအနေတွေကို အသိပေးထားပါတယ်။
အဲ့ဒီထုတ်ပြန်ချက်မှာ လမ်းပိုင်းတွေနဲ့ ပတ်သက်တဲ့ စစ်ရေးအခြေအနေတွေ၊ ယာဉ်သွားလာရေးဆိုင်ရာ သတိပြုရမယ့်အချက် တွေကို ဖော်ပြထားတာကြောင့် မော်လူးမြို့အနီး စစ်ရေးတင်းမာမှုနဲ့အတူ အဲဒီလမ်းပိုင်းတွေမှာ သွားလာနေတဲ့ ခရီးသွားပြည်သူ တွေအတွက်လည်း သတိထားဖို့လိုအပ်နေပါတယ်။
မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အကြား ခရီးသည်တွေနဲ့ ကုန်စည်တွေ အဓိကဖြတ်သန်းသွားလာရာ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။
လက်တလောမှာတော့ တိုက်ပွဲကြောင့် လမ်းပိုင်းသွားလာမှု ရပ်တန့်နေပြီး ခရီးသွားကားတွေလည်း နေရာအသီးသီးမှာ ပိတ်မိနေ ကြတဲ့အခြေနေဖြစ်ပါတယ်။ တစ်ဖက်မှာတိုက်ပွဲအတွင်းပိတ်မိနေတဲ့ ခရီးသွားတွေပါထိခိုက်ဒဏ်ရာရရိသူတွေရှိတယ်လို့သိရပေမဲ့ အသေးစိတ်ကို အတည်ပြုနေဆဲဖြစ်ပါတယ်။
By – အမိုး




