မိုးမိတ်မှာ စစ်တပ် စစ်ကြောင်း ၃ ကြောင်းခွဲ ထိုးစစ်ဆင်နေ

ရှမ်းမြောက် မိုးမိတ်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး တပ်မတစ်ခုစာ အင်အားသုံးကာ KIA စိုးမိုးထားတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်နေတာကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာ မိုးမိတ်–မဘိမ်း–ငါးအိုး–ရွှေကူ–ဗန်းမော် လမ်းကြောင်းကို ထိုးဖောက်ပြီး နယ်မြေစိုးမိုးနိုင်ဖို့ KIA နဲ့ တပ်ပေါင်းစုတွေ စိုးမိုးထားတဲ့ မြစ်ဆုံ–မဘိမ်းဘက်ကို ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာ တစ်လကျော်လာပြီဖြစ်ပါတယ်။

မိုးမိတ်မြို့ကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ KIA စိုးမိုးထားတဲ့ မြစ်ဆုံရွာမရောက်ခင် ၁၀ မိုင်ကနေ ၁၁ မိုင်အထိ ချဉ်းကပ်ရောက်ရှိခဲ့ပေမယ့် KIA ဘက်က တန်ပြန်ခုခံတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်စစ်ကြောင်းတွေဟာ ၁၁ မိုင်အထိ ရောက်ရှိလာရာကနေ ၇ မိုင်အကွာအထိ ပြန်လည်ဆုတ်ခွာသွားရတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ KIA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ဆက်လက်ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“မရပ်မနား တိုက်ပွဲဖြစ်နေတယ်။ ဟိုတလောကတော့ စစ်တပ်တွေ ၉ မိုင်၊ ၁၀ မိုင်၊ ၁၁ မိုင်အထိ ထိုးတက်လာပြီး အဲဒီနေရာထိ တိုက်ပွဲရောက်လာခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ပြန်ခုခံတိုက်ခိုက်ရင်း အခုတော့ ၇ မိုင်ရွာထိပ်အထိ စစ်တပ်တွေ နောက်ဆုတ်ထားတယ်။ အခု ၇ မိုင်အကွာအဝေးမှာ ဆက်လက်ခုခံတိုက်ခိုက်နေတယ်” လို့ ရှေ့တန်းသတင်းရင်းမြစ် KIA အရာရှိတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်တပ်နေရာယူထားတဲ့ မိုးမိတ်မြို့နဲ့ KIA တပ်ပေါင်းစုတွေ စိုးမိုးထားတဲ့ မြစ်ဆုံရွာဟာ ၁၈ မိုင်ခန့် ကွာဝေးပါတယ်။

တိုက်ပွဲပြန်လည်စတင်ဖြစ်ပွားချိန်မှာ မိုးမိတ်မြို့ကနေ ၃ မိုင်ခန့်အကွာမှာ စစ်တပ်စစ်ကြောင်းတွေကို KIA တပ်ပေါင်းစုတွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာကနေ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်တပ်စစ်ကြောင်းတွေဟာ မိုးမိတ်–မြစ်ဆုံလမ်းပေါ် ၁၁ မိုင်ခန့်အထိ ချဉ်းကပ်ရောက်ရှိလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ နိုဝင်ဘာ ၂ ရက်နေ့မှာတော့ KIA ဘက်က တန်ပြန်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်စစ်ကြောင်းတွေဟာ ၇ မိုင်အကွာ ကျောက်တောင်ရွာထိပ်အထိ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လက်ရှိမှာလည်း အဲဒီ ၇ မိုင်အကွာအဝေးမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲလို့ ဆိုပါတယ်။

PSA

ပြီးခဲ့တဲ့တစ်ပတ်က တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းတွေကို KIA နဲ့ တပ်ပေါင်းစုတွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးသူတွေရှိခဲ့ပြီး လက်နက်ခဲယမ်းတချို့အပါအဝင် သေနတ် ၄၀ လက်ကို KIA ဘက်က သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

စစ်တပ်စစ်ကြောင်းတွေ ဆုတ်ခွာနေရတဲ့ အခြေအနေကြောင့် နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ စစ်တပ်ဂျက်ဖိုက်တာ ၂ စီးနဲ့ နှစ်ရက်ဆက်တိုက် ဗုံးလာကြဲခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၃ ရက်နေ့မှာလည်း ကျောက်တောင်ရွာ ၇ မိုင်အထိ စစ်တပ်က အင်အားထပ်ဖြည့်ထားတာကြောင့် ဒီနေ့အထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့ မနေ့ကလည်း စစ်တပ်စစ်ကြောင်းတွေ ရှိနေတဲ့နေရာကို KIA နဲ့ တပ်ပေါင်းစုတွေက ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“စစ်တပ်တွေက နေ့ခင်းဆို အင်အားတွေဖြည့်စရာရှိဖြည့်ပြီး လှုပ်ရှားတယ်။ ညဆိုရင် နေ့ခင်းတိုက်ပွဲမှာ ကျသွားတဲ့သူတွေ၊ ဒဏ်ရာရထားတဲ့သူတွေကို ကားတွေနဲ့ ပြန်သယ်ယူကြတယ်။ စစ်တပ်က အင်အားဖြည့်နေဆဲဆိုတော့ တိုက်ပွဲဆက်လက်ပြင်းထန်ဖို့ အခြေအနေရှိတယ်” လို့ အထက်ပါ KIA အရာရှိက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလနောက်ဆုံးပတ်က စစ်တပ်ဟာ စစ်ကား ၃၆ စီးအပြည့်နဲ့ အင်အားဖြည့်တင်းပြီး မိုးမိတ်ကနေ မြစ်ဆုံ–မဘိမ်းဘက်ကို ဦးတည်ကာ မြေပြင်ကနေ ထိုးစစ်ဆင်ခဲ့သလို လေကြောင်းကနေလည်း နေ့တိုင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

လက်ရှိ စစ်တပ်စစ်ကြောင်း ၃ ကြောင်းဟာ မိုးမိတ်မြို့ကနေ ပင်မလမ်းမကြီးအတိုင်း တစ်ကြောင်း၊ လမ်းမရဲ့ လက်ယာဘက် တောလမ်းကနေ တစ်ကြောင်း၊ လက်ဝဲဘက် မြစ်ဆုံရွာကို ဦးတည်တဲ့ ချောင်းလမ်းအတိုင်း တစ်ကြောင်း စသဖြင့် ခွဲပြီး ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

စစ်တပ်စစ်ကြောင်းတစ်ကြောင်းမှာ အင်အား ၁၀၀ ကနေ ၃၀၀ ကျော်အထိ အသုံးပြုထားပြီး မိုးမိတ်ကနေ ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းအားလုံးပေါင်း အင်အား ၁,၀၀၀ ကျော်ရှိတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ခန့်မှန်းထားပါတယ်။

လက်ရှိ မိုးမိတ်မြို့ကနေ ထိုးစစ်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းတွေကို KIA နဲ့ တပ်ပေါင်းစုတွေက မြို့ပြင် ၃ မိုင်ခန့်အကွာ ရွှေမြင်တင်အနီးနဲ့ ၇ မိုင်အကွာ ကျောက်တောင်ရွာတွေအပါအဝင် နေရာ ၄ နေရာကနေ ခုခံတိုက်ခိုက်နေပြီး မိုးမိတ်မြို့ပြင် နေရာ ၄ နေရာမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“ဒီလမ်းကြောင်းက ဗန်းမော်ကို ပေါက်တယ်။ သူတို့က မိုးရာသီအတွင်း ဧရာဝတီမြစ်ကြောင်းကနေ ဗျူဟာတစ်ခုဆွဲတာ မအောင်မြင်လို့ ရွှေကူ–ငါးအိုးလမ်းကနေ ထပ်ထိုးတယ်။ အဲဒါလည်း အဆင်မပြေတော့ အခု မိုးမိတ်–မြစ်ဆုံလမ်းက ဗန်းမော်ဘက်ကိုလည်း ပေါက်တော့ ဒီဘက်လမ်းကနေရော ပြန်အားစိုက်ပြီး ထိုးစစ်ဆင်နေတယ်လို့ မြင်တယ်။ ဆိုတော့ ကျနော်တို့ဘက်ကလည်း ဒီဘက်လမ်းကနေ အခိုင်အမာ ခုခံတိုက်ခိုက်နေတယ်။ အခုထိတော့ ရွှေလီမြစ်တံတားထိ စစ်တပ်တွေ ထိုးတက်လာနိုင်ခြင်း မရှိသေးဘူး” လို့ ရှေ့တန်းရောက် KIA အရာရှိက သုံးသပ်ပြောပါတယ်။

မိုးမိတ်မြို့ကို တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA က စစ်တပ်ထံ ပြန်လည်အပ်နှံလိုက်ပြီးနောက် မြို့ထဲမှာ ပြန်လည်တပ်ချထားနိုင်တဲ့ စစ်ကောင်စီတပ်ဟာ KIA စိုးမိုးထားတဲ့ တပ်ရင်း ၃၄ နယ်မြေဖြစ်တဲ့ မြစ်ဆုံနဲ့ မဘိမ်းမြို့ဘက်အထိ ဆက်လက်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဒါကြောင့် KIA နဲ့ တပ်ပေါင်းစုတွေဟာ မိုးမိတ်မြို့မှာ စစ်တပ်ပြန်လည်ဝင်ရောက်လာတဲ့နေ့ကစပြီး မြို့ပြင်ပတ်ပတ်လည်မှာ လုံခြုံရေးအခိုင်အမာယူကာ တပ်စွဲထားပြီး စစ်တပ်စစ်ကြောင်းတွေ လှုပ်ရှားလာနိုင်ခြင်းမရှိအောင် တားဆီးပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက မိုးမိတ်မြို့ပြင် ရွှေမြင်တင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ ရှေ့တန်းစခန်းကုန်းကို ကချင်လွတ်လပ်ရေးအဖွဲ့ KIA နဲ့ တပ်ပေါင်းစုတွေက သွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

အဲဒီနောက် ၃ ရက်အတွင်း မိုးမိတ်မြို့အနီး ရွှေဇာလီတံတားအထိ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိုးစစ်ဆင်နိုင်ခဲ့ပါသေးတယ်။

ဒါပေမဲ့ စစ်တပ်ဘက်က အင်အားအလုံးအရင်းသုံးပြီး လေကြောင်းကနေ ဗုံးကြဲကူညီကာ တန်ပြန်ထိုးစစ်ဆင်လာတာကြောင့် ရွှေမြင်တင်ကုန်းကနေ KIA နဲ့ တပ်ပေါင်းစုတွေ ပြန်လည်ဆုတ်ခွာခဲ့ရပြီး လက်ရှိအချိန်ထိ တစ်လကျော်ကြာ စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရဆဲဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button