အင်းတော်မှာ ရုပ်အလောင်းတွေကို အကာအကွယ်မဲ့ ရှင်းလင်းနေရပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးအခက်အခဲတွေရှိနေ

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တဲ့ စစ်တပ်ဘက်က တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေက ကိုယ်ထူကိုယ်ထ ပြန်လည်ရှင်းလင်းသင်္ဂြိုဟ်ပေးနေရပေမဲ့ လုံလောက်တဲ့ အကာအကွယ် ပစ္စည်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးတွေလည်းမရှိဘူးလို့ မြေပြင်ကဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဘက်က ရုပ်အလောင်းတွေအနီးမှာ မိုင်းတွေထောင်ခဲ့တာကြောင့် မိုင်းအန္တရာယ်တွေပါရှိနေပြီး အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ရုပ်အလောင်းတွေကို ရှင်းလင်းရာမှာ လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေ မရှိတဲ့အပြင် ရုပ်အလောင်းတွေအနီးမှာ မိုင်းတွေ ထောင်ထားတာတွေရှိတဲ့အတွက် သတိထားရှင်းလင်းနေရတယ်လို့ ဆိုပါတယ်။

“ရုပ်အလောင်းရှင်းလင်းတဲ့အခါလည်း ကာကွယ်မှုကတော့ ဘာမှမရှိဘူးပေါ့ဗျာ။ ကိုယ့်နှာခေါင်းကို အနံ့အသက်သက်သာအောင် ပဲ Mask တွေတပ်မယ်။ ပြီးရင် အဝတ်တွေစည်းပြီးတော့မှ ရုပ်အလောင်းတွေကို ချိတ်နဲ့ပေါ့လေ။ သူတို့က အလောင်းနားမှာတွေ လည်း မိုင်းတွေထောင်ထားတာတွေရှိတဲ့အတွက် အရမ်းကြီးရဲပြီးတော့လည်း မလုပ်ရဲဘူး။ အဲဒါ အလောင်းတွေကို ချိတ်တွေနဲ့ ဆွဲထုတ်ပြီးတော့မှ မီးရှို့ပေးရတာပေါ့။ တချို့အလောင်းတွေဆို အဲဒီနေရာမှာပဲ မီးရှို့လိုက်ရတာ။ ဆွဲလို့လည်း မရတော့ဘူး။ တချို့အလောင်းတွေကလည်း လမ်းဘေးတင်ပဲ ရှို့လိုက်ကြရတော့တာဗျ”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အောက်တိုဘာလအတွင်း အင်းတော်မြို့နယ် မဲဇာ၊ လယ်ပြင်၊ နန့်သဲနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေမှာ စစ်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က အကျအဆုံးများပြားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်ပွားပြီးနောက် စစ်ကော်မရှင်စစ်ကြောင်းတွေ ကျေးရွာတွေကနေ ထွက်ခွာသွားချိန်မှာ နေအိမ်တွေအတွင်း၊ ကားလမ်းဘေး၊ ရေနုတ်မြောင်းတွေနဲ့ ဘုန်းကြီးကျောင်းဝန်းတွေမှာ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

အဲဒီရုပ်အလောင်းတွေကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက စနစ်တကျ ရှင်းလင်းသင်္ဂြိုဟ်ခဲ့ခြင်းမရှိဘဲ ဖြစ်သလိုထားခဲ့တာကြောင့် လက်ရှိမှာ ပိန်းအင်းရွာကနေ ရွာသစ်အထိ ဒေသခံတွေ၊ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ တော်လှန်ရေးရဲဘော်တချို့ ပူးပေါင်းပြီး ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတာဖြစ်ပါတယ်။

PSA

အဲဒီလို ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေစဉ် ပိန်းအင်းနဲ့ ရွာသစ်ကြားတစ်ဝိုက်မှာ ရုပ်အလောင်း ၅၀ ကျော်ကနေ ၆၀ ကျော်အထိတွေ့ရှိထားနိုင်ပြီး နိုဝင်ဘာ ၂ ရက်နေ့ တစ်ရက်တည်းမှာပင် ရွာသစ်ဘုန်းကြီးကျောင်းဝန်းနဲ့ ကားလမ်းတစ်လျှောက်မှာ ရုပ်အလောင်း ၁၀ လောင်းကျော် ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ရှင်းလင်းရေးလုပ်ငန်းမှာ ကိုယ်တိုင်ပါဝင်နေတဲ့ အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ရုပ်အလောင်းတွေကို ရှင်းလင်းရာမှာ လက်အိတ်နဲ့ နှာခေါင်းစည်းလို အခြေခံကာကွယ်ရေးပစ္စည်းတွေကိုတောင် လူတိုင်း လုံလောက်စွာ အသုံးပြုနိုင်ခြင်းမရှိဘဲ တချို့ဒေသခံတွေက အကာအကွယ်ပစ္စည်းမပါဘဲ ရှင်းလင်းနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အင်းတော်မြို့နယ်အတွင်း လက်ရှိကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းနေပြီး ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဝါးရောင်းချ တဲ့နေရာတွေ မရှိသလောက်ဖြစ်နေတဲ့အတွက် ရုပ်အလောင်းရှင်းလင်းရေးမှာ ပါဝင်နေသူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တစ်ခုခု ကြုံတွေ့လာရင် ကုသမှုခံယူဖို့ အခက်အခဲရှိနေတယ်လို့ အထက်ဖော်ပြပါဒေသခံက ဆက်ပြောပါတယ်။

“ဒေသခံတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရှင်းကြတာဆိုတော့ အခုက ကျနော်တို့ရွာမှာ ဆေးကုသမှုနဲ့ပတ်သက်ပြီးတော့ တော်တော်ခက်ခဲတယ်။ ဆေးဆိုင်ကလည်း ဘာမှမရှိဘူးပေါ့လေနော်။ ကျန်းမာရေးစောင့်ရှောက်မှုက အားနည်းနေတာပေါ့။ အခုလောလောဆယ် အခြေအနေတွေက ဘာမှမတည်ငြိမ်သေးတဲ့အတွက် ဆေးရုံဆေးခန်းတွေကလည်း ဘာမှမရှိဘူး”လို့ သူက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ အပုပ်နံ့ပြင်းထန်စွာထွက်နေတဲ့ ရုပ်အလောင်းတွေကို ရှင်းလင်းနေရသလို ရုပ်အလောင်းတွေကို ထိတွေ့ ကိုင်တွယ်ရာမှာလည်း လုံလောက်တဲ့ ကာကွယ်ရေးပစ္စည်းတွေ မရှိတာကြောင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကိုပါ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

အင်းတော်မြို့နယ်အတွင်း ရုပ်အလောင်းတွေကို ရှင်းလင်းနေတဲ့အချိန်မှာပင် ကျေးရွာတွေအတွင်း လုံခြုံရေးအခြေအနေ တည်ငြိမ်မှုမရှိသေးတာကြောင့် ဒေသခံတွေဟာ နေအိမ်တွေမှာ ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးဘဲ ပစ္စည်းတွေလာရောက် ရှင်းလင်းတာလောက်သာလုပ်ဆောင်နိုင်သေးတယ်လို့ သိရပါတယ်။

“စစ်တပ်က ထွက်တော့ထွက်သွားပြီဆိုပေမဲ့ လောလောဆယ် ရွာသူရွာသားတွေက ပြန်နေလို့မရသေးဘူး။ ဒေသခံတွေက ကိုယ့်အိမ်သူ့အိမ်လာပြီးတော့ ရှင်းကြတာပဲရှိသေးတာ။ ပြန်လာနေကြတာ မရှိသေးဘူး။ နေလည်း မနေရဲကြသေးဘူးပေါ့”
လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အင်းတော်မြို့နယ်အတွင်း ရုပ်အလောင်းတွေကို ရှင်းလင်းသင်္ဂြိုဟ်ပေးနေရတဲ့အပြင် ဒေသခံတွေ ကိုယ်တိုင်နေထိုင်ရာ ကျေးရွာ တွေမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးရရှိရေး အခက်အခဲတွေ ဆက်လက်ကြုံတွေ့နေရတာဖြစ်ပါတယ်။

အထူးသဖြင့် ဆီးချုပ်၊ ဝမ်းချုပ်လို သာမန်ကျန်းမာရေးပြဿနာတွေဖြစ်ပွားလာရင်တောင် ဆေးဝါးဝယ်ယူဖို့ နေရာမရှိတဲ့ အခြေအနေဖြစ်နေပြီး ရုပ်အလောင်းရှင်းလင်းရေးမှာ ပါဝင်သူတွေအတွက်လည်း လိုအပ်တဲ့ ကျန်းမာရေးအကာအကွယ်နဲ့ ဆေးကုသမှုရရှိရေးဟာ အရေးတကြီးလိုအပ်နေတယ်လို့ ဒေသခံက ပြောပါတယ်။

အင်းတော်မြို့နယ်အတွင်း ရုပ်အလောင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေရသလို တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာ တွေမှာ ရုပ်အလောင်းတွေ ထပ်မံတွေ့ရှိနိုင်ခြေရှိနေပြီး လက်ရှိအချိန်ထိရှင်းလင်းရေးလုပ်ငန်းတွေဆက်လုပ်နေရဆဲလို့သိရပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button