မော်လူးအနီး စစ်တပ်စခန်းတချို့ကို တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်၊လေကြောင်းတိုက်ခိုက်မှု ပြင်းထန်
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် အင်းတော်မြို့နယ်၊ မော်လူးမြို့ပတ်ချာလည်ကျေးရွာတွေမှာရှိတဲ့ စစ်တပ်ရဲ့ ရှေ့တန်းစခန်း တွေကို တော်လှန်ရေးတပ်ဖွဲ့တွေကဆက်တိုက်သိမ်းယူနေပြီး တစ်ဖက်မှာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၇ ရက်နေ့က မော်လူးမြို့နားကကျေးရွာတွေဖြစ်တဲ့ စီပိန်း၊ ဖားပန့်နဲ့ ပင်ဝယ်ရွာဘက်တွေက စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းယူထားပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိထားသလို မြို့ပေါ်မှာလည်း နှစ်ဖက်စစ်ရေး တင်းမာမှုဆက်ရှိနေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိ မော်လူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်တာမျိုးမရှိသေးဘဲ မြို့ပေါ်မှာ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ အဓိကရှိနေပြီး အနီးဝန်းကျင်ကျေးရွာတွေက စစ်တပ်စခန်းတွေကိုသာ ဆက်လက်တိုက်ခိုက်သိမ်းယူနေတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မော်လူးမြို့ကိုတော့ မရောက်သေးဘူး။ မော်လူးမြို့ပေါ်မှာတော့ တိုက်ပွဲတော့ရှိတယ်။ စီပိန်း၊ ဖားပန့်နဲ့ ပင်ဝယ်တို့ အဲ့ဘက်က စခန်းတွေကို တော်လှန်ရေးဘက်က သိမ်းလိုက်တာတော့ ဟုတ်တယ်။ မော်လူးမြို့ပေါ်မှာ တိုက်ပွဲဖြစ်နေတာပေါ့လေ။ မြို့ပေါ်မှာ က ဆိုင်ပြီးတိုက်တဲ့ အနေအထားတော့ မဟုတ်သေးဘူး။ ဒရုန်းတွေနဲ့ ကြဲတဲ့အနေအထားပဲ။ အခုက ဘေးရွာစခန်းတွေကို ပတ်သိမ်းနေတာ”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာလ ၅ ရက်နေ့မနက်ပိုင်းကတည်းက စတင်ဖြစ်ပွားနေတဲ့ မော်လူးမြို့က ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ တော်လှန်ရေး အင်အားစုတွေဘက်က လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိထားသလို စစ်သုံ့ပန်းတွေပါအရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ နန့်စီးအောင်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူလိုက်ပြီဆိုတဲ့ သတင်းတွေဟာ မမှန်ကန်ကြောင်းနဲ့ အဲဒီဂိတ်အနီးမှာ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ မြေပြင်ကသတင်းရင်းမြစ်တွေက KNG ကိုပြောပါ တယ်။

မနေ့ကညပိုင်းအထိ နန့်စီးအောင်ဂိတ်ကို ဒရုန်းနဲ့သွားရောက်တိုက်ခိုက်တာမျိုးတော့ရှိနေပြီး ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ချိန် စစ်တပ်ဘက်ကလည်း သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေသာရှိသေးတယ်လို့ သိရပါတယ်။
“မော်လူးဘက်က အခြေအနေက လိုင်းပေါ်မှာတက်နေတဲ့ နန့်စီးအောင်ဂိတ် သိမ်းတယ်ဆိုတာက မဟုတ်ပါဘူး။ နန့်စီးအောင်ဂိတ် သိမ်းတယ်ဆိုပြီး သတင်းမှားတွေ တက်နေတာ။ ဒရုန်းနဲ့ သွားသွားကြဲချတယ်။ ညတုန်းကတောင် ဒရုန်းနဲ့ သွားကြဲတော့ အဲ့မှာ နန့်စီးအောင်ဘက်ကနေ သေနတ်တွေနဲ့ ရမ်းပြီးပစ်နေတယ်တဲ့။ အဲ့ဒီရုပ်သံက မော်လူးထိပ်က လွှဲကူးတောင်ရှိတယ်။ အဲ့တောင်စခန်းကို သိမ်းတဲ့ ဗီဒီယိုဖိုင်ကြီး။”လို့ နောက်ထပ်ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီလို စခန်းသိမ်းတိုက်ပွဲတွေ ဆက်ဖြစ်နေချိန်မှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့ရောညပါ ပြုလုပ်နေ တယ်လို့ သိရပါတယ်။
အထူးသဖြင့် ညဘက်တွေမှာ လေယာဉ်တွေနဲ့ လာရောက်ဝဲပျံပြီး ဗုံးကြဲတိုက်ခိုက်တာတွေရှိသလို တစ်ခါတစ်ရံ တစ်ညလုံးနီးပါးနဲ့ တစ်နေ့တာလုံး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လေကြောင်းတိုက်ခိုက်မှုကတော့ တော်တော်ဆိုးတယ်လို့ ပြောတယ်။ ညတိုင်းလေယာဉ်တွေနဲ့ လာဝဲတယ်၊ လာကြဲတယ်။ အလုံးရေ ဘယ်နှစ်စီးဘာညာတော့ မမှတ်ထားဘူးပေါ့နော်။ ဒါပေမဲ့ သူတို့ပြောစကားအရဆို ညလုံးပေါက်ဆိုလည်း ညလုံး ပေါက်၊ တစ်နေ့လုံးလည်း တစ်နေ့လုံး လေယာဉ်တွေနဲ့ ဆက်တိုက်လာတယ်၊ ဗုံးကြဲတယ်”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာ နှစ်ဖက်တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်မီးလောင်ပျက်စီးတာ၊ အရပ်သားသေဆုံးတာတွေ ရှိနေပေမဲ့လည်း အခြေနေမတည်ငြိမ်သေးတာကြောင့် အရပ်သားတွေနဲ့ပိတ်သက်တဲ့အခြေနေ အသေးစိတ်ကို KNG က ဆက်သွယ်ဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေကြောင့် မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကားလမ်းပိတ်ဆို့မှုတွေလည်း ဆက်ရှိနေပြီး လက်ရှိအချိန်အထိ ယာဉ်သွားလာခွင့် လုံးဝရပ်တန့်နေတယ်လို့ ကားသမားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက် ညနေပိုင်းက စစ်တပ်ယာဉ်တန်းတွေ ဖြတ်သန်းတက်လာချိန်ကတည်းက လမ်းပိုင်းစတင်ပိတ်ဆို့ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်မှာ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေထပ်မံဖြစ်ပွားလာတာကြောင့် ခရီးသွားကားတွေ လမ်းတစ်လျှောက်နေရာအသီးသီးမှာ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။
မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို တက်လာတဲ့ ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေကို ကသာမြို့မှာ ရပ်နားထား ရပြီး မြစ်ကြီးနားဘက်ကနေ မန္တလေးဘက်ကို ဆင်းလာတဲ့ကားတွေကိုလည်း နန့်စီးအောင်နဲ့ ပေကုန်းကျေးရွာဘက်မှာ ရပ်တန့် ထားရတယ်လို့ သိရပါတယ်။
ဒါ့အပြင် မော်လူးမြို့နဲ့ အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ခရီးသွားကားတွေ ပိတ်မိနေတဲ့အတွက် အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ခရီးသွားပြည်သူတွေကို နဘားကျေးရွာ ဘက် အမြန်ဆုံးရွှေ့ပြောင်းကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။
ကသာခရိုင် အမှတ် (၁) တပ်ရင်းကလည်း နိုဝင်ဘာ ၆ ရက်မှာ ကသာ–ထီးချိုင့် အမှတ် (၂) ကားလမ်းနဲ့ ကသာ–မော်လူး ကားလမ်းပိုင်းတွေရဲ့ စစ်ရေးနဲ့ ယာဉ်သွားလာရေးအခြေအနေတွေကို ထုတ်ပြန်အသိပေးထားပါတယ်။
မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အကြား ခရီးသည်နဲ့ ကုန်စည်တွေ အဓိက ဖြတ်သန်းသွားလာရာ လမ်းကြောင်းတစ်ခုဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခရီးသွား လာရေး လုံးဝရပ်တန့်နေတဲ့ အခြေအနေဖြစ်ပါတယ်။
By – အမိုး




