ရက် ၁၀၀ မူးယစ်ဆေးဝါးတိုက်ဖြတ်ရေး ကြေညာသော်လည်း ပုံမှန်အတိုင်း ဆက်လက်ရောင်းဝယ်နေ

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ စစ်အစိုးရက ရက် ၁၀၀ မူယစ်ဆေးဝါးတိုက်ဖြတ်ရေး ကြေညာသော်လည်း ပုံမှန်အတိုင်း မူးယစ်ဆေးဝါးပြန်လည် ရောင်းဝယ်နေကြတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောဆိုနေကြပါတယ်။

မေလ ၉ ရက်နေ့က မီးတပ်အဖွဲ့က လူအင်အား ၁၀ ကျော် နဲ့ လိုက်ထရိုက်ကားတစ်စီး ဆိုင်ကယ်၃စီးအသုံးပြုပြီး လော်စပီကားနဲ့ ရမ်ပူ ရပ်ကွက်ထဲ ရက်၁၀၀အတွင်း မူးယစ်ဆေးဝါး လုံးဝပပျောက်အောင် လုပ်ဆောင်သွားမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

အဲဒီအချိန်  မူးယစ်ဆေးဝါးသုံးစွဲသူ ၂ဦးကို တုတ်တွေနဲ့ ရိုက်နှက်ပြီး ဆိုင်ကယ် တစ်စီးလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒါပေမယ် နောက်ရက်မှာတော့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ ပုံမှန်အတိုင်းဘဲ ပြန်လည်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ရပ်ကွက် ရပ်ကွက်နေ ပြည်သူ တစ်ဦးက ခုလိုပြောပြပါတယ်။

ကျွန်တော်တို့လည်း ဝမ်းသာနေတာ ရက် ၁၀၀ စီမံကိန်းဆိုတော့ ပြတ်လောက်တယ်ပေါ့။ ဘယ်ဟုတ်မလဲ ရောင်းတဲ့သူက အိမ်ထဲမှာ ထိုင်ရောင်းနေတုန်း ။ ရောင်းတာက ရိုးရိုးတန်းတန်း မရောင်းဘူး။ ဆူညံပြီးတော့ ဆဲပြီးတော့ ရန်တွေ ဖြစ်တဲ့သူက ဖြစ်အဲလို မျိုးတွေလေလို့ ဆိုပါတယ်။

ရမ်ပူရပ်ကွက် နယ်မြေ ၂၂၊ ၂၃၊ ၂၄ စတဲ့ နေရာသုံးခုဟာ ထိစပ်နေတဲ့ ရပ်ကွက်တွေ ဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲမှု အဆိုးဆုံးနေရာတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ နေ့ည ရောင်းဝယ်နေကြတာ ဖြစ်ပြီး တစ်ရက်ကိုဝယ်ယူသူ  ခန့်မှန်ချေ ၁၀၀ ဝန်းကျင်ခန့် ရှိတယ်လို့ ရပ်ပူရပ်ကွက်နေ ပြည်သူတစ်ဦးက ခုလိုဆက်ပြောပြပါတယ်။

အဆိုးဆုံးကတော့ကွာ အိမ်ဘေးနားတွေမှာ ရာမတွေ ရှူနေကြတော့ ကြာတော့ ခေါင်းတောင်ကိုက်လာတယ်။ လမ်းဘေးမှာ ပေါ်တင်ဆေးထိုးတယ်။ ရေသန့်ဘူးတွေနဲ့ လမ်းဘေးမှာ ပေါ်တင်ရှူနေကြတာလို့ ဆိုပါတယ်။

နေ့တင်မက ညအချိန် မိုးလင်းသည်အထိ ရောင်းဝယ်နေကြတာ ဖြစ်တဲ့အတွက် အိပ်ရေးပျက်ပြီး အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဒါတင်မက အသုံးပြုပြီးတဲ့ ဆေးထိုးအပ်တွေကိုလည်း စည်းကမ်းမဲ့ အိမ်ပတ်ဝန်းကျင်တွေမှာ စွန့်ပစ်ထားတဲ့အတွက် ကလေးတွေနဲ့ ထိမိခိုက်မိမှာကိုပါ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ခုလို မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေ များပြားနေတဲ့ အတွက် ရမ်ပူရပ်ကွက်နေ ခိုးဆိုးလုယက်မှုတွေ အမြဲလိုလိုဖြစ်ပျက်နေပြီး ပြည်သူတွေအနေနဲ့လည်း ညမချုပ်ခင် အမြဲခြံဝင်းတံခါးသော့ခတ်ပြီးတော့ စိုးရိမ်စွာ နေထိုင်နေရတယ်လို့ ပြောပါတယ်။

မူးယစ်ဆေးဝါးရောင်းချသူများသည် အချိန်အတိုတွင်း အိမ်ပိုင် ကားပိုင် ဖြစ်လာကြတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ထင်မြင်ကြပါတယ်။

ဒါအပြင် မူးယစ်ဆေးဝါးရောင်းဝယ်နေသူတွေထဲမှာ ရပ်ကွက်ထဲက လူကြီးတစ်ချို့ပါ ပါဝင်နေတဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေဟာ တိုင်ကြားဖို့ အတွက်နဲ့  ကိုယ်ထူကိုယ်ထ စုပေါင်း ဝိုင်းဝန်းအရေးယူဖို့လည်း ခက်ခဲနေပြီး သည်းခံနေကြရတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ခုလို အခြေအနေတွေကြောင့် ရပ်ကွက်နေပြည်သူတွေအတွက် သွားလာရ လုံခြုံမှု မရှိတော့သလို ခိုးဆိုးလုယက်မှုတွေလည်း မကြာခန ဖြစ်ပွားနေပြီး မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် သေဆုံးသူလည်း ပျှမ်းမျှတစ်လကို တစ်ဦး နှုန်းနဲ့ ရှိနေတာ ဖြစ်ပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဒေသအသီးသီးက ရွှေ့ပြောင်းနေထိုင်သူတွေများလာကာ မူးယစ်ဆေးဝါးပြသာနာကလည်း ပိုဆိုးလာသလို ရမ်ပူရပ်ကွက်မှာ တခြားနယ်ကလာရောက်နေထိုင်တဲ့လူတွေ ပိုများလာတယ်လို့လည်း ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။

ရပ်ကွက်က နယ်မြေအားဖြင့် ၂၄ ပိုင်းထိရှိသလို အပိုင်းတစ်ပိုင်းမှာတင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး တခြားရပ်ကွက်တွေထက်စာရင် အိမ်ငှားတန်းလျားတွေလည်း ပိုများတဲ့နေရာတစ်ခုဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေ ဆီကနေ သိရပါတယ်။ 

မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ စတင်ပျံနှံ့လာတာကတော့ ရမ်ပူအပိုင်း ၂၁ ကဖြစ်ပြီး သုံးပုံတစ်ပုံဝန်းကျင်က မူးယစ်ဆေးဝါးရောင်းတဲ့အိမ်တွေဖြစ်တယ်လို့ သိရပါတယ်။

By – Hope

Show More

Leave a Reply

Back to top button