ပူတာအိုမြို့လယ်ခေါင်မှာ ရဲကင်း ထိုင်ပြီး အခွန်ကောက်နေမှုကြောင့် ဒေသခံများ အခက်တွေ့

ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး အခွန်ကောက်ခံနေမှုကြောင့် အခက်အခဲကြုံနေရတယ်လို့  ဒေသခံတွေနဲ့ ကားသမားတွေက ဆိုပါတယ်။

ပူတာအိိုမြို့ လေယာဥ်ကွင်းရပ်ကွက်ထဲက သားအဖ သုံးယောက်ရုပ်တုအနီးရှိ မြစ်ကြီးနားပူတာအိုကားလမ်းနဲ့ ပူတာအိုခေါင်လန်ဖူး၊ နောင်မွန်သွားတဲ့ သုံးလမ်းဆုံနေရာမှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ပြီး အခွန်ကောက်ခံနေကြောင်း ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။

ဟိုလို ဝါးတားဂိတ်လိုမျိုးကြီးထိုင်ထားတာတော့မဟုတ်ဘူး ရဲကင်းတဲ လေးဆောက်ထားပြီးထိုင်တာ ရဲတွေ သုံးလေးယောက်ရှိတယ်။ ပုံမှန်တခြားတော့ မကောက်ဘူး ကုန်ကားနဲ့ခရီးသည်ကားတွေဆီကနေအခွန်ကောက်တယ် မြို့လယ်ခေါင်ကြီးမှာ ထိုင်ကောက်နေတာတော့ လွန်တာပေါ့ဗျ NOACH ကား နဲ့ Alpha တို့လိုဆိုရင်ခရီးသည်ပဲတင်တင် ကုန်ပဲတင်တင် သုံးသောင်းနေ ငါးသောင်းတောင်းတယ် ပြောတတ်ရင်တော့သုံးသောင်းလောက်နဲ့ရတယ်”လို့ ပူတာအိုနောင်မွန်လမ်းပိုင်းမှာမောင်းနေတဲ့ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။

ဒေသခံနဲ့ ကားသမားတွေရဲ့အဆိုရ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့လောက်ကတည်းကနေ အခွန်စကောက်နေတာလို့သိရပြီး ကုန်ကားကြီးတစ်စီးကို ကျပ်ငါးသောင်းနဲ့ ရှစ်သောင်းကြား၊ကုန်နဲ့ခရီးသည်တင်ထားတဲ့ အိမ်စီးကားအသေးဆိုရင် ကျပ် သုံးသောင်းကနေ လေးသောင်းကြားအထိအခွန်ပေးနေရကြောင်းကားသမားတွေကဆိုပါတယ်။

လက်ရှိအခွန်ကောက်ခံနေတဲ့ ရဲကင်းဟာ ပူတာအိုမြို့ထဲက အချက်အချာကျတဲ့ လမ်းဆုံမှာလို့ ဒေသခံအမျိုးသမီးတစ်ဦးက KNGကိုအခုလိုပြောပါတယ်။

“သားဖသုံးယောက်လမ်းဆုံမှာဟုတ်တယ် မြစ်ကြီးနားကနေတက်လာရင်အဲ့လမ်းဆုံကို မဖြစ်မနေဖြတ်ရတယ်။ နောက်ပြီး မချမ်းဘော့တို့၊ နောင်မွန်း၊ ခေါင်လန်ဖူးဘက်ကို တက်မယ်ဆိုရင်လည်း အဲ့လမ်းဆုံကိုဖြတ်ပြီးသွားရတာ တကယ့်လမ်းဆုံမှာ ထိုင်ထားတာရှင့်လို့ ဒေသခံအမျိုးသမီးတစ်ဦး က KNG ကို ပြောပါတယ်။

အဲ့ဒီရဲကင်းဟာ ကုန်ကား၊ ခရီးသည်ကားတွေကို အခွန်ကောက်တဲ့အပြင် ညဘက်စစ်ဆေးမေးမြန်းတာ၊ ယာဥ်မောင်းလိုင်စင်နဲ့ ယာဥ်လိုင်စင် စစ်ဆေးတာတွေလည်း ပြုလုပ်နေကြောင်းသိရပါတယ်။

မြို့ထဲသွားလာနေတဲ့ ကားဆိုင်ကယ်တွေတော့မသိဘူး ကျွန်တော်တို့ ကုန်နဲ့ခရီးသည်တင်ယာဥ်မောင်းတွေကိုတော့ ယာဥ်လိုင်စင်နဲ့ ယာဥ်မောင်းလိုင်စင်စစ်တယ်။ လိုင်စင်မရှိရင်ပိုတောင်းတယ် ပြောရဆိုရလည်း တအားခက်တယ် ညဆိုလည်း ကိုးနာရီ ၁၀ နာရီလောက်အထိထိုင်တယ်တဲ့ညဘက်သွားလာတဲ့လူဆိုရင်တော့စစ်ဆေးမေးမြန်းတယ်ပြောတယ်လို့ အထက်မှာ ဖော်ပြခဲ့တဲ့ကားသမားကဆက်ပြောပါတယ်။

အဆိုပါရဲကင်းမှာ ရဲတပ်ဖွဲ့ဝင် သုံးဦးထက်မနည်းပုံမှန်ထိုင်ကြောင်းသိရပြီး မနက် ၆ နာရီကန ည ၁၀ နာရီ အထိဖွင့်တယ်လို့ဒေသခံတွေကဆိုပါတယ်။

စစ်အာဏာမသိမ်းမှီက ပူတာအိုမြို့ထဲမှာ အခွန်ကောက်ခံတဲ့ဂိတ်တွေ၊ စစ်ဆေးရေးဂိတ်တွေ မရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက် နှစ်အနည်းငယ်အကြာမှာတော့ အခုလိုမြို့တွင်းစစ်ဆေးရေးဂိတ်တွေ၊အကောက်အခွန်ဂိတ်တွေ ပေါ်ထွက်လာတာလို့ ဒေသခံတွေကဆိုပါတယ်။

လက်ရှိမှာတော့ အထက်ဖော်ပြပါ ဂိတ်အပြင် ပူတာအိုနောင်မွန်ခေါင်လန်ဖူး လမ်းပိုင်းမှာထိုင်ထားတဲ့ ဂျူဗလီရပ်ကွက်ထဲက ပြည်သူ့စစ်ဂိတ်အပါ စုစုပေါင်းမြို့တွင်း စစ်ဆေးရေးဂိတ်နှစ်ခုအထိ ရှိလာပြီလို့သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button