ရွှေအလွန်အကျွံ တူးဖော်မှုကြောင့် မချမ်းဘော့မြို့ခံတွေ စည်ပင်ရေ ဝယ်သုံးသူ များလာ
ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက မချမ်းဘော့မြို့မှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့် မြို့ခံတွေ သောက်သုံးရေ ခက်ခဲလာပြီး စည်ပင်ရေ ဝယ်သုံးရတဲ့သူတွေ ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။
မချမ်းဘော့မြို့ခံတွေ သောက်သုံးရေ အဓိကအားထားရတဲ့ မလိခချောင်းထဲမှာ စစ်အာဏာသိမ်းနောက်ပိုင်း ရွှေအလွန်အကျွံ တူးဖော်မှုတွေကြောင့် မလိခမြစ်ရေ ပျက်စီးနေတဲ့အတွက် မြို့ခံတွေဟာ စည်ပင်ရေကို ဝယ်ယူသုံးစွဲနေရတယ်လို့ အသက် ၄၈ နှစ်အရွယ် မချမ်းဘော့မြို့ခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“အရင်ကတော့ မလိခမြစ်ထဲက သွယ်ပြီးသုံးကျတယ် စည်ပင်ရေက ဝယ်သုံးတဲ့လူနည်းတယ် မရှိသလောက်ပဲ ဒါပေမယ့်အခု နှစ်နှစ်လောက်ရှိပြီ မလိခမြစ်ရေက ရွှေတအား တူးတော့ ရေအရမ်းနှောက်လို့ သုံးမရတော့ဘူးလေ အဲ့ကြောင့် စည်ပင်ရေပဲ ဝယ်သုံးနေကြတာ”လို့ သူက ပြောပါတယ်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း လောက်အထိ မချမ်းဘော့မြို့ခံတွေဟာ မလိခချောင်း ရေကိုအဓိကသုံးစွဲခဲ့ကြပေမယ့် ၂၀၂၃ ခုနှစ်နောက်ပိုင်း ကနေ မလိခချောင်း အထက်ဘက်မှာ စက်ယန္တရားကြီးတွေနဲ့ ရွှေအလွန်အကျွံ တူးဖော်မှုတွေကြောင့် ချောင်းရေပျက်စီးလာတဲ့အတွက် စည်ပင်ရေကို ဝယ်သုံးနေကြရတာလို့ ဒေသခံတွေက ဆိုပါတယ်။
“စည်ပင်ရေကတော့ အဆင်ပြေတယ် သူတို့က အဝေးကြီးကနေ သွယ်ထားတယ်အိမ်တိုင်ရာရောက် သွယ်ပေးတယ် ဒါပေမယ့်တစ်လ တစ်လ ရေဖိုးကလည်း မီတာခထက်ပိုပေးနေရတယ် အခုဆိုရင် စည်ပင်ရေသုံးတဲ့လူကများလာတော့ ရေဖိုးလည်းအရင်ကထက်စျေးတက်တယ်”လို့ အထက်ဖော်ပြပါ အမျိုးသားက ဆက်ပြောပါတယ်။
အခုလို စည်ပင်ရေအသုံးပြုတဲ့ လူများလာတာကြောင့် ရေဖိုးလည်း အနည်းငယ် မြင့်တက်သွားကြောင်း မြို့ခံတွေက ဆိုပါတယ်။
“သုံးတဲ့လူများတော့ ရေ မီတာဖိုးကလည်း အရင်နဲ့မတူတော့ဘူး တက်လာတယ် အရင်တစ်လကို ၂၀၀၀ ရေအရမ်းသုံးတဲ့လဆို ၃၀၀၀ အများဆုံးပဲအခုနောက်ပိုင်းက အနည်းဆုံးတစ်လ ၄၀၀၀ ပဲ တစ်ခါတလေ ၆၀၀၀ အထိရှိတယ်”လို့ နောက်ထပ် မချမ်းဘော့မြို့ခံ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

မချမ်းဘော့မြို့ဟာ မလိခ ချောင်းနဘေးမှာတည်ထားတဲ့မြို့ဖြစ်ပေမယ့် ကျောက်စိုင်၊ ကျောက်ခဲထူထပ်တာကြောင့် တွင်းရေအသုံးပြုဖို့ ခက်ခဲတဲ့အတွက် အခုလိုစည်ပင်ရေ ဝယ်သုံးနေရကြောင်း သိရပါတယ်။
“ရေတွင်းကတူးလို့ မရဘူး ကျောက်ခဲတွေပဲ တချို့တူးထားတဲ့လူတွေရှိတယ် နွေရာသီဆို ရေက ခမ်းခြောက်သွားတာ အဲ့ကြောင့် တွင်းရေက ဆယ့်နှစ်ရာသီမရတော့ဘယ်သူမှရေတွင်းမတူးကြဘူး မလိခ ချောင်းမရတော့ စည်ပင်ရေပဲပြောင်းသုံးနေကြတာ”လို့ မချမ်းဘော့မြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
မချမ်းဘော့မြို့အဝင်မှာတည်ရှိတဲ့ မလိခ ချောင်းဟာ ၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်း လောက်ကနေစပြီး ချောင်းအထက်ဘက်နဲ့ ချောင်းအောက်ဘက် ချောင်းကမ်းဘေးဝဲယာတစ်လျှောက်မှာ စက်ယန္တရားကြီး အသုံးပြုပြီး စတင်ရွှေတူးဖော်ခဲ့ရာ ယခုအချိန် အထိဖြစ်ပါတယ်။
ပူတာအိုခရိုင်ထဲမှာ စစ်အာဏာ မသိမ်းမှီက လက်လုပ်လက်စားနဲ့ တနိုင်တပိုင်ရွှေတူးဖော်မှု အနည်းငယ်သာရှိခဲ့ပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ စက်ယန္တရားကြီးတွေနဲ့ တရားမဝင် ရွှေတူးဖော်မှုတွေဟာ တစ်နေ့တစ်ခြား ပိုမို ဆိုးရွားလာခဲ့ပါတယ်။
စစ်အာကာသိမ်း ငါးနှစ်ကျော်အတွင်းမှာတော့ ပူတာအိုမြို့နယ်ထဲက လုံရှာနယ်၊ ဖက်မာ၊ မူလာရှီးဒီ၊ မကပ်မုံစ၊ နောင်ခိုင်၊ ဆန်ကောင်၊ နမ့်ခန်းတဲ့ ကျေးရွာတွေ နဲ့ မချမ်းဘော့မြို့နယ်ထဲက မလိခ မြစ်ကြောင်းတွေအပြင် ဆွမ်ပရာဘွမ်မြို့နယ်ထဲအထိပါ ကြီးကြီးမားမား ရွှေတူးဖော်မှုတွေများပြားလာနေတာ ဖြစ်ပါတယ်။
တချို့ကျေးရွာတွေမှာတော့ လယ်ယာမြေ၊ အိမ်ခြံမြေ နဲ့ ကျေးရွာတွေကို ဖြတ်သန်းစီးဆင်းနေတဲ့ ချောင်းရေတွေ တိမ်ကောပျောက်ကွယ်သွားတဲ့အထိ ရွှေတူးဖော်နေကြတာ ဖြစ်ပါတယ်။
By – Zaw Zaw



