ရွှေကူမှာ တိုက်ပွဲဖြစ်နေ

ကချင်ပြည်နယ် ရွှေကူမြို့အထွက် ၅ လမ်းဆုံစခန်းကို ပြန်လည်ရယူနိုင်ဖို့ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် မေလ ၁၇ ရက်နေ့ မနေ့ကစလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်အရ ရွှေကူမြို့ပေါ်က စစ်တပ်ဟာ ၅ လမ်းဆုံစခန်းကို ပြန်လည်သိမ်းယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။

ရွှေကူမှာကတော့ ၅ လမ်းဆုံဘက်အထိ သူတို့တွေတိုးလာလို့ တိုက်ပွဲဖြစ်နေတာ မနေ့ကနေ ဒီနေ့အထိပဲ။ ကျနော်တို့ ၅ လမ်းဆုံ ကို သိမ်းထားပြီးတော့ အခုသူတို့က ၅ လမ်းဆုံကို ပြန်ရချင်လို့ ထိုးလာတာ၊ တိုက်ပွဲပြန်ဖြစ်တယ်လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီ ၅ လမ်းဆုံစခန်းဟာ ပြီးခဲ့တဲ့ ဧပြီလ တတိယအပတ်အတွင်း စစ်တပ်ဘက်ကအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် KIA နဲ့ PDF ပူးပေါင်းတပ်တွေ ခေတ္တဆုတ်ခွာပေးခဲ့ရပေမယ့် အင်အားပြန်လည်စုဖွဲ့ပြီး ၃ ရက်ဆက်တိုက် ပြန်လည်တိုက်ခိုက်ကာ စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့နေရာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း တင့်ကားဖျက် RPG ဗုံးသီးတွေ၊ ၄၀ မမ ဗုံးသီးတွေ၊ မြေမြှုပ်မိုင်းတွေနဲ့ ကျည်ခဲယမ်းတချို့ကိုလည်း ကာကွယ် ရေးပူးပေါင်းတပ်တွေဘက်က သိမ်းဆည်းရမိခဲ့ပါသေးတယ်။

လက်ရှိမှာတော့ စစ်တပ်ဘက်ကအဲ့ဒီစခန်းကို ပြန်လည်ရယူနိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေက နားလိုက်ဖြစ်လိုက် အခြေအနေမျိုးနဲ့ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒါ့အပြင်တစ်ဖက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့နယ် ငအိုးရွာကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းဟာလည်း ရွှေကူမြို့ နယ်ဘက်ကို စစ်ကြောင်းထိုးဖို့ဦးတည်နေတယ်လို့ အထက်ပါစစ်ရေးသတင်းရင်းမြစ်ကဘဲဆက်ပြောပါတယ်။

သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ အရင်အတိုင်းပါပဲ။ ငအိုးကနေရွှေကူအထိထိုးမယ်။ ပြီးရင် ဗန်းမော်အထိချီတက်မယ်ဆိုတဲ့ ပုံစံပဲ သူတို့ကအသေခံပြီးကိုတိုးနေတာ။ မေလ ၅ ရက်နေ့ကနေစပြီးတော့ အခုချိန်ထိကိုတိုက်ပွဲကဖြစ်နေတာ။ နားလိုက် ဖြစ်လိုက် ဒီလိုပဲဖြစ်နေတာ။ အခုက သူတို့ကတိုးလာတယ်ပြန်ဖြစ်တယ်။ ဒီပုံစံပါပဲ။လို့ပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ်တွေပြောပြချက်အရ ငအိုးရွာကိုရောက်ရှိလာတဲ့စစ်တပ်စစ်ကြောင်းဟာ ထီးချိုင့်မြို့နယ် မြတောင်ဘက်က နေတက်လာတဲ့ တပ်ဖွဲ့တွေဖြစ်ပြီး ငအိုးရွာ ခလရ ၁၂၁ တပ်နဲ့ပူးပေါင်းအထိုင်ချထားတာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့မေလ ၅ ရက်နေ့ကလည်း အဲ့ဒီစစ်တပ်စစ်ကြောင်းဟာ ရွှေကူမြို့ကိုဦးတည်စစ်ကြောင်းထိုးခဲ့ပြီး လမ်းမှာ တော်လှန်ရေး တပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ငအိုးတပ်ထဲကို ပြန်လည်ဆုတ်ခွာသွားခဲ့ရပါသေးတယ်။

ထီးချိုင့်မြို့နယ် မြတောင်ဘက်ကနေ ငအိုးတပ်ထဲ ဝင်ရောက်လာတဲ့ စစ်ယာဉ်တန်းမှာ ရိက္ခာတင်ယာဉ်တွေအပါအဝင်အစီး ၃၀ ခန့် ပါဝင်တယ် လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ ရွှေကူမြို့နယ်အခြေနေဟာ မြို့တွင်းနေရာတော်တော်များများကိုတော့ စစ်တပ်ဘက်က ထိန်းချုပ်ထားဆဲအခြေနေဖြစ်ပြီး မြို့ပြင် ကျေးရွာတွေနဲ့ အချက်အချာကျတဲ့တည်နေရာတချို့ကိုတော့ တော်လှန်ရေးအင်အားစုတွေဘက်က လွှမ်းမိုးထားနိုင်တဲ့အခြေနေဖြစ်တယ်လို့ သိရပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button