အင်းတော်မြို့နဲ့ ၂ မိုင်အကွာမှာတိုက်ပွဲဖြစ်နေ

စစ်တပ်ဘက်က ပြန်လည်သိမ်းပိုက်ထားတာမကြာသေးတဲ့ စစ်ကိုင်းနဲ့ကချင်အစပ်က အင်းတော်မြို့နယ်မှာ မေလ ၁၇ ရက်နေ့က စလို့ ဒီနေ့အထိ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်း ရင်းမြစ်တွေကပြောပါတယ်။

အင်းတော်မြို့ရဲ့ တောင်ဘက်ပိုင်း မြို့နဲ့၂မိုင်အကွာက နတ်မဟုတ်ကြီး၊ နတ်မဟုတ်ကလေး၊ တည်ပင်၊ သီပါ၊ ပေပင် စတဲ့ကျေးရွာ တွေတစ်ဝှိုက်မှာ နှစ်ဖက်တပ်တွေတိုက်ပွဲပြင်းထန်နေကြတာလို့ သိရပါတယ်။

လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာတွေက မြို့နဲ့ ၂ မိုင်ပတ်ချာလည်လောက်ပဲရှိတယ်။ အဲ့ဘက်ဒေသတွေက အရင်ကတော်လှန်ရေး အင်အားစုတွေစိုးမိုးထားတဲ့နယ်မြေအခုကတော့ သူတို့စစ်ကြောင်းထိုးလာတယ်။ရွာတချို့မှာ အထိုင်ချထားတယ်။ အဲ့မှာ တော်လှန်ရေးအင်အားစုတွေကသွားတိုက်တာ။ အဲ့မှာတိုက်ပွဲတွေဖြစ်ကြတာပဲလို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

၂၀၂၆ ခုနှစ်နှစ်ဆန်းပိုင်း ဖေဖော်ဝါရီလကစလို့ စစ်တပ်ဟာ စစ်ကိုင်းနဲ့ကချင်အစပ်ဒေသကို ပြန်လည်ထိန်းချုပ်ဖို့အတွက် ပြင်ဆင်ခဲ့ ပြီး ဖေဖော်ဝါရီလမှာ ဗန်းမောက်၊ မတ်လမှာ ထီးချိုင့်၊ ဧပြီလမှာ ကသာမြို့နဲ့ အင်းတော်မြို့တွေကိုထိန်းချုပ်ခဲ့သလို ဒီမေလ အစောပိုင်းမှာတော့ မော်လူးမြို့ကိုထိန်းချုပ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် မန္တလေးမတ္တရာထီးချိုင့်အင်းတော်မိုးညှင်းမြစ်ကြီးနား လမ်းပိုင်းကိုလည်း စစ်တပ်ကပြန်လည်ဖွင့်လှစ်ခဲ့သလို သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေမှာလည်း အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ပြင်ဆင်နေကြတယ်လို့သိရပါတယ်။

ဒါ့အပြင် လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ အင်းတော်မြို့နယ်ရဲ့ နဘားလမ်းဆုံ၊ မြို့ပေါ် နဲ့ မော်လူးမြို့တွေမှာ စစ်ကြောင်းတွေအထိုင်ချ ထားပြီး ထွေအုပ်ရုံးနဲ့ မီးသတ်ရုံးတွေမှာ လက်နက်ကြီးတွေတပ်ဆင်ထားကြတယ်လို့သိရပါတယ်။

အင်းတော်မှာက တိုက်ပွဲတွေရှိတယ်။ မော်လူးဘက်ကတော့ အင်းတော်ဘက်လောက်မဟုတ်ပေမဲ့ အင်းတော်မှာတော့ တိုက်ပွဲ တွေ ရှိနေတာဟုတ်တယ်။ သူတို့ဘက်က အင်းတော်မြို့တောင်ဘက်ကိုထိုးစစ်ဆင်တာပေါ့။ ထိုးစစ်ဆင်တော့ တိုက်ပွဲတွေဖြစ်နေ တာပေါ့လို့ အထက်ပါဒေသခံကပဲ မော်လူးမြို့မှာပါ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့အတည်ပြုပြီး မြေပြင်တိုက်ပွဲ အခြေနေအသေးစိတ်ကိုတော့ KNG ကအတည်ပြုနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းနဲ့ကချင်အစပ်ကိုရောက်ရှိလာတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ စစ်အင်အားအလွန်များပြားသလို တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအပါအဝင် အသေခံဒရုန်းများစွာအသုံးပြုနိုင်တာကိုတွေ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ စစ်မှုမထမ်းမနေရဥပဒေကနေ စုဆောင်းခဲ့တဲ့ အင်အားတွေနဲ့ စစ်ဆင်ရေးတွေပြန်လုပ်လာတဲ့ စစ်တပ်ဟာ မန္တလေးတိုင်းထဲက တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ စဥ့်ကူး၊ သပိတ်ကျင်း၊ တကောင်းအပါအဝင် စစ်ကိုင်းတိုင်းထဲက ထီးချိုင့်၊ ဗန်းမောက်မြို့ နဲ့ အင်းတော်၊ မော်လူး မြို့တို့ကိုပါ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button