မှော်ဝမ်းလေးရွာကို စစ်တပ်ကမီးရှို့ဖျက်ဆီး
တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေကြတဲ့ ဖားကန့် မှော်ဝမ်းလေးကျေးရွာကို စစ်တပ်က ပြည်သူပိုင်လူနေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၆၀ ခန့် မီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။
ဖားကန့်မှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက မေလ ၁၉ ရက်နေ့ည ၁၂ နာရီဝန်းကျင်မှာ မှော်ဝမ်းလေးကျေးရွာရှိ အောင်ချမ်းသာရပ်ကွက်ရှိ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဖားကန့်ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။
“မီးလောင်သွားတဲ့နေရာက အောင်ချမ်းသာရပ်ကွက်ကဟုတ်တယ်။ မီးလောင်တာက စစ်တပ်ရှို့တယ်လို့ပြောနေကြပါတယ်။ အဲ့နေရာကလည်း စစ်တပ်က ထိန်းချုပ်ထားပြီး စစ်ရေးလှုပ်ရှားနေတဲ့နေရာဆိုတော့ အဲ့လိုပြောကြတာပေါ့လေ။ ပြီးတော့ ဆွတ်ငိုင်ယန်မှာလည်း စစ်တပ်က ဂိတ်ထိုင်ထားတာဟုတ်တယ်။ အဲ့နေရာမှာ တိုက်ပွဲလည်းမရှိပါဘူး။ ဘာလို့ရှို့သွားကြတာဆိုတာမသိရဘူးဖြစ်နေတယ်”လို့ပြောပါတယ်။
မီးရှို့ခံရပြီးနောက် မေလ ၂၀ ရက်နေ့ အထိ မီးလောင်းပျက်စီးသွားတဲ့ လူနေအိမ် ၅၇ လုံးအထိရှိခဲ့ပြီး ၆၀ အထက်လည်းရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
မှော်ဝမ်းလေးကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖားကန့်ဒေသထဲကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာချိန် တိုက်ပွဲဧရိယာနဲ့ အလွန်နီးကပ်တဲ့အတွက် ကျေးရွာနေပြည်သူအများပိုင်းက စစ်ဘေးတိမ်းရှောင်ထားကြတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။
အဲ့ဒီနောက် ယခုနှစ် ဧပြီလအတွင်းမှာလည်း စစ်တပ်က ဖားကန့်ကို စစ်ကျော့ပြန် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လုံးခင်း၊ မှော်ဆီစာ၊ ကုဋေ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး စတဲ့ ကျေးရွာတွေမှာ တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးပြီး ဝင်ရောက်တပ်စွဲနေရာယူထားတာဖြစ်ပါတယ်။

မှော်ဝမ်းလေးရွာ မီးရှို့ဖျက်ဆီးခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးနောက် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက “အားလုံးလည်းမြင်ကြပါတယ် အဲဒီတစ်ကြောက စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေပဲ တပ်စွဲနေရာယူထားတယ်။ သူတို့မရှို့ရင် ဘယ်သူရှို့မလဲ။ ဘယ်သူပဲရှို့ရှို့ စစ်တပ်က ခိုင်းလို့ရှို့တာပဲဖြစ်နိုင်တယ်။ တစ်ခါတစ်လေကြရင် လက်နက်ကိုင်တဲ့အဖွဲ့အစည်းတွေကိုလည်း မင်္သကာဖြစ်မိတယ်။ နှစ်ဖက်တပ်ပဲညှိနှိုင်းပြီးလုပ်နေကြတာလားပေါ့။ ရွာမီးရှို့တဲ့အထိလုပ်လာတယ်ဆိုတော့ စဉ်းစားစရာပဲ”လို့ပြောပါတယ်။
စစ်ရေးကြောင့် မှော်ဝမ်းလေးကျေးရွာနေပြည်သူတွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီကတည်းကနေ ကချင် KBC ကချင်နှစ်ခြင်းအသင်းတော်အဖွဲ့တွေက မြစ်ကြီးနားမြို့ပေါ်ဘက်ကို တိမ်းရှောင်သွားကြသလို RC အသင်းတော်အဖွဲ့သားတွေက နန်းမဖြစ် ထွယ်ဆန့်ဘက်ကို တိမ်းရှောင်နေကြတာဖြစ်ပါတယ်။
ရှမ်းနဲ့ ဗမာလူမျိုးတွေက ဖားကန့် ကျောက်စိမ်းတောင်တံတားအနီးက ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေကြပြီး ရခိုင်လူမျိုးတွေက မရှီကထောင် တရုတ်ဘုံကျောင်းမှာ တိမ်းရှောင်နေကြဆဲဖြစ်ပါတယ်။
အခုလို မှော်ဝမ်းကလေး ကျေးရွာနေပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေတဲ့ တစ်နှစ်ပြည့်လာတဲ့အချိန် နေရပ်ပြန်ဖို့ တိုင်ပင်ဆွေးနွေးနေတဲ့တစ်ချိန်တည်းမှာပဲ ကျေးရွာမီးရှို့တာခံလိုက်ရတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။
မှော်ဝမ်းကလေးကျေးရွာအနီး တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ နေအိမ် မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့အပေါ် လက်နက်ကိုင်နှစ်ဖက်တပ်ရဲ့ ညှိနှိုင်းမှုတွေရှိနိုင်တယ်လို့ ဖားကန့်ပြည်သူတွေ ဝေဖန်သုံးသပ်နေကြပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




